မကွေးတိုင်းမှာ လေအားလျှပ်စစ်ထုတ်ဖို့ ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် ရယူမည်


2018.11.28
magway-minister-622.jpg မကွေးတိုင်းမှာ လေအားလျှပ်စစ် ထုတ်ယူသုံးစွဲနိုင်ဖို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ICM ကုမ္ပဏီတို့ ၂၀၁၈၊ နိုဝင်ဘာ ၂၈ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးစဉ်
ဓါတ်ပုံ - ဇော်တူး/ RFA

မကွေးတိုင်းဒေသကြီးမှာ လေအားလျှပ်စစ် မဂ္ဂါဝပ် ၂၆၀ ကျော် ထုတ်ယူသုံးစွဲနိုင်ဖို့ ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်နိုင်ရေးအတွက် သက်တမ်း တစ်နှစ်တိုးစာချုပ်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ICM ကုမ္ပဏီတို့ ဒီနေ့ သဘောတူလက်မှတ် ရေးထိုးလိုက်ပါတယ်။

မကွေးတိုင်း ချောက်မြို့နယ်က ဆင်ကလေ ဒေသအပါအဝင် ၄ နေရာမှာ  လေအားလျှပ်စစ် ထုတ်ယူနိုင်မှာ ဖြစ်လို့ အခုလို သဘောတူစာချုပ် ချုပ်ဆိုတာလို့ Infa Captial Myanmar-ReEx ကုမ္ပဏီက ပြောပါတယ်။

တာဝါတိုင် အမျိုးအစား ၅ မျိုးရှိပြီး ရွေးချယ်လိုက်တဲ့ တာဝါတိုင်အမျိုးစားအပေါ် မူတည်ကာ ၁ မဂ္ဂါဝပ်ကို အမေရိကန်ဒေါ်လာ ၁. ၈ သန်း ကနေ ၂. ၅ သန်း ကြား ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ကုန်ကျစရိတ် ထဲမှာ အသုံးချမြေယာ နစ်နာကြေးတွေ ပါဝင်ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဒေသတွင်းပြည်သူတွေ လျှပ်စစ်သုံးစွဲမှု ပြည့်စုံ လုံလောက်အောင် သုံးစွဲစေလိုပြီး ၂၀၂၀ ပြည့်နှစ်မတိုင်မီ လျှပ်စစ်ရစေလိုတယ်လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီး တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ EITI ညှိနှိုင်းရေးမှုး ဦးမျိုးမြင့်ဦးက ဒီလုပ်ငန်းဟာ ကမ္ဘာမှာ ရာသီဥတု အကျပ်အတည်းအတွက် ရုပ်ကြွင်းလောင်စာတွေက စွမ်းအင်ထုတ်လုပ်မှု လျော့ချနေတဲ့ လှုပ်ရှားမှုတွေနဲ့ တန်းတူကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်းနဲ့ ရေရှည်ဖွံ့ဖြိုးရေးအတွက် သန့်စင်တဲ့စွမ်းအင်ဆိုင်ရာ ချဉ်းကပ်မှုကို ကြိုဆိုကြောင်း RFA ကို ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရနဲ့ အခုလို စာချုပ် ချုပ်ဆိုတာဟာ ပတ်ဝန်းကျင် လေ့လာဆန်းစစ်ရေး အတွက်သာဖြစ်ပြီး လုပ်ငန်းလုပ်ပိုင်ခွင့်ရဖို့ကတော့ ပြည်ထောင်စုအစိုးရနဲ့ နေပြည်တော်မှာ စာချုပ် လက်မှတ်ရေးထိုးရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်းတခုကို ဓာတ်အား ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ ဆင်ကလေ လေအားလျှပ်စစ်စီမံကိန်းနဲ့ စွယ်ပေါက္ကံ လေအားလျှပ်စစ်စီမံကိန်း ၂ ခုကို ၂၀၁၉ ခုနှစ် နှစ်လယ်မှာ စတင် အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဇော်တူး ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။