မိုးသက်လေပြင်းတိုက်လို့ မြောက်ဦးဒုက္ခသည်စခန်းက ယာယီတဲအိမ်တချို့ ပျက်စီး
2019.05.16

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မနေ့က မိုးသက်လေပြင်းတိုက်ခတ်ခဲ့တာကြောင့် စင်္ဘောကိုင်း စစ်ဘေး ဒုက္ခသည်စခန်းမှာ ယာယီတဲအိမ် ၃၅၀ လောက်ရှိတဲ့အနက် ၃၅ လုံးလောက်ဟာ အားလုံးပျက်စီးသွားတယ်လို့ သိရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် တဲအားလုံးနီးပါးပျက်စီးသွားရာမှာ ဒီနေ့မနက်ပိုင်းမှာပြန်လည်ပြင်ဆင်ခဲ့ပေမယ့် အဲဒီအထဲက တဲအိမ် ၃၅ လုံးကတော့ လုံးဝပျက်စီးသွားတာကြောင့် အစအဆုံးပြန်လည်ဆောက်လုပ်ရမှာ ဖြစ်တယ်လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရက မိန့်ပါတယ်။
ဒီတဲအိမ်တွေကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ရဲ့အကူအညီနဲ့ ပြီးခဲ့တဲ့ မတ်လဒုတိယ ပတ်လောက်က စင်္ဘောကိုင်းကျေးရွာရဲ့ မြစ်ကမ်းစပ် သဲသောင်ပြင်မှာ ဆောက်လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
စင်္ဘောကိုင်းစစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ ဘုရားကြီး၊ မော်ရွာသစ်၊ မော်ရွာဟောင်း၊ ကျောက်တလား၊ စာပေါင်အလယ်ရွာ၊ ခြိပ်ချောင်း၊ ဆင်စွယ်ကျိုး၊ ကုန်းရွာ စတဲ့ကျေးရွာတွေက အိမ်ထောင်စု ၆၈၀ ကျော်၊ လူပေါင်း ၃၄၀၀ လောက်ထွက်ပြေးခိုလှုံနေကြတာဖြစ်ပါတယ်။
မနေ့က တဲအိမ်တွေ ပျက်စီးသွားတဲ့ မိသားစု ၃၅ စုဟာ နီးစပ်ရာတဲအိမ်တွေမှာ လတ်တလောမှီ လိုနေထိုင်နေ ကြရတယ်လို့သိရပါတယ်။
အစိုးရကတော့ စစ်ဘေးဒုက္ခသည် ၃၄၀၀ လောက်အထဲက လူပေါင်း ၂၁၀၀ လောက်အတွက် ဆန်တွေထောက် ပံ့ပေးထားပြီး မနေ့က ပျက်စီးသွားတဲ့ တဲအိမ်တွေကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ဆက်သွယ်မေးမြန်းတာ မရှိသေးဘူးလို့လည်း စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရကမိန့်ပါတယ်။
စင်္ဘောကိုင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ တဲအိမ်တွေပျက်စီးသွားတဲ့ကိစ္စနဲ့ ဆန်ရိက္ခာတွေထောက်ပံ့မှု နည်းနေတဲ့ကိစ္စနဲ့ပတ်သက်လို့ မြောက်ဦးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။