ကနီမြို့နယ် ဝင်းမနားရဲစခန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်းမနားရဲစခန်းကို ဖေဖော်ဝါရီ ၄ ရက် မနေ့ညက ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဝင်တိုက်ရာ စစ်ကောင်စီဘက်က ၂၅ ယောက် သေဆုံးပြီး PDF ဘက်က သုံးယောက် သေဆုံးခဲ့တယ်လို့ Area 21 Revolution Network က ထုတ်ပြန်ပါတယ်။
ဝင်းမနားရဲစခန်းကို စစ်ကောင်စီဘက်က အင်အားဖြည့်တင်းနေလို့ PDF တပ်တွေက မနေ့ကည ၁၀ နာရီကျော်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၂ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပြပါတယ်။
"သူတို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်းမနားရဲစခန်းကို အင်အားလာ ဖြည့်လို့ မဟာမိတ် PDF တပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ တိုက်ခိုက်တာဗျ။ သူတို့ အင် အားက ၁၅၀ နဲ့ ၂၀၀ ကြားမှာရှိတယ်လို့ ခန့်မှန်းရတယ်ဗျ"
စစ်ကောင်စီတပ်ကို ဒေသတွင်း ကာကွယ်ရေးတပ်တွေဖြစ်တဲ့ KPDF-1 ၊ MDF၊ M&K The Boy ၊ ဒီပဲယင်း PDF၊ ကနီ PDF၊ ရွှေတြိဂံ တပ်ရင်း၊ မဟူရာနဂါးတပ်ရင်း အစရှိတဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲမှာ PDF ပူးပေါင်းအဖွဲ့ဘက်က သုံးယောက် သေဆုံးခဲ့ရပြီး ရှစ်ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရ သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ် အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်