တောင်သူလယ်သမားနေ့ ကို ပြောင်းလဲသတ်မှတ်ဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ တိုက်တွန်း
2016.09.21

ဗိုလ်ချုပ်နေဝင်းအစိုးရက အာဏာသိမ်းယူခဲ့တဲ့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် မသတ်မှတ်ဘဲ တောင်သူလယ်သမားတွေရဲ့ ဆန္ဒကို ရယူပြီး ပြောင်းလဲသတ်မှတ်ဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က လွှတ်တော်မှာ မေးမြန်းပြီးနောက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြောခဲ့တာဖြစ်ပါတယ်။
"တောင်သူလယ်သမားများရဲ့ ဆန္ဒကိုရယူပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကြိုးစားပြီးတော့ ပြောင်းလဲနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးစေချင်ပါတယ်"
တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့အစား တောင်သူလယ်သမား အရေးတော်ပုံ ကာလအတွင်းက အထင်ကရ နေ့တနေ့ကို ရွေးချယ်ပြီး ပြောင်းလဲ သတ်မှတ်ဖို့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နေ့ထူးနေ့မြတ်ထားရှိမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရနေနဲ့ ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ဆောင်ရွက်ထားတဲ့ လုပ်ငန်းဖြစ်ကြောင်းနဲ့ အဲဒီနေ့ရက် ကို ပြင်ဆင်မယ်ဆိုရင် အမှန်တကယ် ကိုယ်စားပြုတဲ့ တောင်သူလယ်သမားတွေရဲ့ဆန္ဒနဲ့ အညီဖြစ်ဖို့ လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူက တင်ပြခဲ့ပါတယ်။