ဦးဝီရသူကို ဖမ်းဝရမ်း ထုတ်လိုက်ပြီ
2019.05.28

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူကို အင်္ဂါနေ့ ညနေမှာ သက်ဆိုင်ရာက ဖမ်းဝရမ်း ထုတ်လိုက်ပြီလို့ သတင်းရပါတယ်။ ဦးဝီရသူကို ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူရစိုး က RFA ကို ပြောပါတယ်။
၁၂၄ (က) ပုဒ်မဟာ အစိုးရကို အကြည်ညိုပျက်အောင် အားထုတ်လှုံ့ဆော်တဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့ရင် ငွေဒဏ်နဲ့ အတူ ထောင်ဒဏ်တသက်တကျွန်းအထိ ချမှတ်နိုင်ပါတယ်။
ဒီအတောအတွင်း ဆရာတော်ဦးဝီရသူ ကို ကျောက်တံတားမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံကာကွယ်ရေး ဟောပြောပွဲနဲ့ ပတ်သက်ပြီး နောက်နောင်မှာ အခုလို လူမှုရေးကိစ္စတွေမှာ ပါဝင်ခြင်းမပြုဖို့ သြဝါဒပေးရေးအတွက် မေလ ၃ဝ ရက်နေ့မှာ ရန်ကုန်တိုင်း သံဃာ့နာယက ရုံးကိုလာရောက်ဖို့ ဆင့်ခေါ်ထားတယ်လို့လည်း သိရပါတယ်။
ဆရာတော်ဦးဝီရသူ အသုံးပြုတဲ့ ရှရှားဖေ့စ်ဘွတ်လို့ လူသိများတဲ့ VK မှာ ကမ္ဘာကျော် ဆရာတော်ရဲ့ လျှို့ဝှက် အသံဖိုင်ဆိုပြီး အသံဖိုင် တဖိုင်ကို မနေ့က တင်လိုက်ပါတယ်။ အဲဒီ အသံဖိုင်မှာတော့ ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့က ဦးဝီရသူကို သြဝါဒခံယူဖို့ လာရောက်ရန် ပင့်ဖိတ်တဲ့ အကြောင်း ဖုန်းကတဆင့် ပြောဆိုထားတဲ့ စကားတွေပါဝင်ပါတယ်။
တပြိုင်နက်မှာပဲ ၂၇ ရက်နေ့ မနေ့ညက မန္တလေး မစိုးရိမ်ကျောင်းတိုက်မှာ ပြုလုပ်တဲ့ တရားပွဲအပြီးမှာ သီတဂူဆရာတော် အရှင်ဉာဏိဿရ က အရှင် ဝီရသူကို အဲဒါ ငါ့ ရဲဘော်လို့ ခေါ်ဝေါ်မိန့်ကြားသွားတဲ့ အသံဖိုင်ဟာ ပြည်တွင်းပြည်ပ မြန်မာဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ အကြီးအကျယ် ပျံ့နှံ့နေပါတယ်။
ဦးဝီရသူဟာ ဧပြီလ ၂၉ ရက်နေ့က မြိတ်မြို့မှာပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားလုံးတွေသုံးပြီး ဟောပြောခဲ့ပါတယ်။