ဦးဝီရသူကို စွဲဆိုတဲ့ ပုဒ်မ ၁၂၄(က)ကို ပယ်ဖျက်ပေးဖို့ တောင်းဆို
2019.06.06

ရာဇဝတ်အထွေထွေ အမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)ကို ပယ်ဖျက်ပေးဖို့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)က မဟန၊ နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ထံ မေတ္တာရပ်ခံစာ တစ်စောင်ကို ဇွန်လ လေးရက်နေ့က ပေးပို့လိုက်ပါတယ်။
အဲဒီစာထဲမှာ ဦးဝီရသူရဲ့ ဟောပြောချက်တွေနဲ့ ပတ်သက်ပြီး သံဃာ့စည်းမျဉ်းနဲ့ မကိုက်ညီဘူးဆိုရင် နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ရဲ့ သြဝါဒခံယူရမှာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ဦးဝီရသူကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုလိုက်တာဟာ တည်ဆဲဥပဒေကို မျက်ကွယ်ပြု လုပ်ဆောင်ကြောင်း စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့က ဇွန်လ နှစ်ရက်နေ့ ထုတ်ပြန်ချက်မှာ ဦးဝီရသူ အနေနဲ့ ဒီမိုကရေစီ နည်းလမ်းကျကျဝေဖန်ထောက်ပြတာကို အစိုးရက အာဏာရှင်ဆန်ဆန် ပြုမူလိုက်ကြောင်း၊ ဘာသာသာသနာကို အန္တရာယ်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးကိုနီကို သတ်လိုက်တဲ့သူတွေကို သေဒဏ်ပေးလိုက်တာဟာ ဥပဒေကိုလိုသလို သုံးနေခြင်းသာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ဦးဝီရသူကို မတရားအရေးယူမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကလည်း သဘောထားထုတ်ပြန်ထားပါတယ်။
ဦးဝီရသူကို ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ထားပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း မရှိသေးသလို၊ ဘယ်နေရာမှာရှိနေတယ်ဆိုတာကိုလည်း မသိရှိရသေးပါဘူး။ ဦးဝီသူရကတော့ လူမှုကွန်ယက် စာမျက်နှာမှာ ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေကို တင်နေဆဲဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။