ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်လို့ ဦးဝီရသူ စွပ်စွဲ
2016.07.14

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး မဘသ အဖွဲ့ခေါင်းဆောင် ဆရာတော် ဦးဝီရသူက နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်အဖြစ် စွပ်စွဲလိုက်ပြီး၊ အရပ်သား အစိုးရသစ်ဟာ မဘသ အဖွဲ့ကို ဖျက်ဆီးဖို့ ကြိုးစားနေကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မဘသ နဲ့ မသက်ဆိုင်ကြောင်း ထုတ်ပြန်အပြီးမှာ ဦးဝီရသူက အင်တာနက် ဖေ့စ်ဘွတ်မှာ ကြေညာချက် ထုတ်ခဲ့တာပါ။
အခုအခါ အာဏာရပါတီနဲ့ အရပ်သားအစိုးရသစ်ဟာ မိမိကို ရန်သူတော် နံပါတ်တစ်အဖြစ် ပစ်မှတ်ထားပြီး၊ မဘသတစ်ဖွဲ့လုံးကို ကျူပင်ခုတ် ကျူငုတ်မကျန် ဖြိုခွင်းဖျက်ဆီးဖို့ ခြေလှမ်းလှမ်းလာတာကို တွေ့ရှိနေရကြောင်း၊ အရင်က မိမိကို ထောင်ချခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများဟာ မိမိရဲ့ အမျိုးဖြစ်လို့ သူတို့အပေါ် အခုထိ မေတ္တာ မပျက်သလို၊ အခု မိမိကို ထောင်ချမယ့် အမျိုးသမီးအာဏာရှင် အစိုးရအဖွဲ့ဟာလည်း မိမိရဲ့ အမျိုးတွေဖြစ်တဲ့ အတွက် မေတ္တာပျက်မှာမဟုတ်ကြောင်း ကြေညာချက်မှာဖော်ပြထားပါတယ်။
ဒါ့ပြင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဟာလည်း အစိုးရ သာသာနာရေးဝန်ကြီးဌာနရဲ့ အစိတ်အပိုင်းတစ်ခုဖြစ် လို့ အစိုးရရဲ့သဘောအတိုင်းဆောင်ရွက်ရတာဖြစ်ကြောင်းလည်းဖော်ပြပါတယ်။