ဦးဝီရသူ ဟောပြောပွဲ စီစဉ်သူတွေကို တရားစွဲဖို့ အစီအစဉ်မရှိသေး
2017.09.12

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီရဲ့ ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူ ပါဝင်တဲ့ဟောပြောပွဲ စီစဉ်သူတွေကို လောလောဆယ်တော့ တရားစွဲဆိုဖို့ အစီအစဉ်မရှိသေးဘူးလို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တရားမစွဲဖို့ အကြမ်းဖျင်းဆွေးနွေးထားပေမယ့် လုံးဝတရားမစွဲတော့ဘူးလို့ ဆုံးဖြတ် ထားတာတော့ မဟုတ်ဘူးလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။
"ပြည်နယ်အစိုးရအဖွဲ့ကတော့ ပြီးတဲ့ဥစ္စာပြီးသွားပြီပဲ၊ ၁၅ ရက်အတွင်းမှာတော့ တရားစွဲချင်စွဲလို့ ရသေးတယ်၊ အတတ်နိုင်ဆုံး အေးအေးဆေးဆေးပြီးသွားရအောင် မစွဲဆိုကြရင် ပိုကောင်းမလားလို့ အကြမ်းဖျင်းတော့ ဆွေးနွေးကြတယ်၊ သို့သော်လည်း မစွဲဆိုဖို့ ဆုံးဖြတ်ထားတာတော့ မဟုတ်ဘူးပေါ့။"
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဖြစ်တဲ့ ဇွဲကပင်တောင်ဆရာတော်က အစိုးရအဖွဲ့ဝန်ကြီးတွေကို ဒီနေ့ခေါ်ယူတွေ့ဆုံခဲ့တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဘားအံမြို့ တောင်ကလေးနှစ်သစ်ကူးကွင်းမှာ "အကြမ်းဖက် ဘင်္ဂလီအရေး၊ အမျိုးဘာသာ သာသနာအရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး" ဆိုတဲ့ ခေါင်းစဉ် နဲ့ ဟောပြောပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဟောပြောပွဲ ကျင်းပဖို့အတွက် မြို့နယ်ထံ ခွင့်ပြုချက်တောင်းခံထားတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့် ခွင့်မပြုထားဘူးလို့ ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးက RFA ကို ပြောထားပါတယ်။
ဆရာတော်ဦးဝီရသူကို နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့က တရားဟောခွင့် တစ်နှစ်ပိတ်ထားတာဖြစ်ပေမယ့် သူဟာ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့တွေမှာ ပါးစပ်ကိုတိပ်နဲ့ ကပ်ပြီး တရားပွဲတွေ ကျင်းပခဲ့သလို ရန်ကုန်မြို့နဲ့ ဘားအံမြို့တို့မှာ အခုလို ဟောပြောပွဲပုံစံနဲ့ ဟောပြောခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ဆရာတော်ဦးဝီရသူနဲ့အတူ ဗုဒ္ဓဓမ္မပရဟိတအသင်း ဥက္ကဌ မောင်သွေးချွန်၊ ဒေါက်တာ ကျော်ဆွေ တို့က ဟောပြောခဲ့ကြတာဖြစ်ပါတယ်။ ဟောပြောပွဲကို လူထုပရိသတ် ၂ ထောင်လောက် တက်ရောက်ခဲ့ပါတယ်။