ဦးဝီရသူ မောင်တောမှာ ဆန်ဝေ
2017.05.06

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့က အမျိုးသားရေးဝါဒီ ခေါင်းဆောင် ဦးဝီရသူနဲ့ သံဃာ ၁ဝ ပါးကို ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်မှာရှိတဲ့ တိုင်းရင်းသား ရခိုင်ကျေးရွာတွေက ရွာသားတွေ က မနေ့က ကြိုဆိုကြပါတယ်။
မနှစ်က အောက်တိုဘာလမှာ စစ်သွေးကြွတွေချုံခိုတိုက်ခိုက်လို့ ရဲ ကိုးဦးသေဆုံးရတဲ့ ကျီးကန်းပြင်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နားမှာရှိတဲ့ အောင်မင်္ဂလာ၊ အောင်သာယာနဲ့ အောင်ဇေယျာ ကျေးရွာတွေကို ဦးဝီရသူ သွားရောက်တယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အရာရှိတစ်ယောက်က ဧရာဝတီသတင်းဌာန ကို ပြော ကြားတယ်လို့ ဆိုပါတယ်။
အခြေအနေ အားလုံးကောင်းပေမယ့် တစ်စုံတရာဖြစ်ပွားလာရင် တိုက်ခိုက်တဲ့သူတွေကို ရဲတပ်ဖွဲ့က တိုက်မယ်လို့ လည်း သူကပြောပါတယ်။
ပတ်ပတ်လည်မှာ မွတ်ဆလင်ရွာတွေလည်းရှိပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့လည်း အလှမ်းဝေးတဲ့ ကြိမ်ချောင်းရွာနဲ့ တခြားရွာတွေကိုလည်း သံဃာတွေ သွားရောက်ပါတယ်။
ဦးဝီရသူတွေဟာ ဆန်အိတ်တွေ၊ ငါးခြောက်တွေ လှူဒါန်းပြီး ကလေးတွေကိုတော့ သကြားလုံးဝေတယ်လို့ ရဲတာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ကျီးကန်းပြင်ရွာမှာ ရဲမှူးချုပ် သူရစန်းလွင်နဲ့ အလွတ်သဘော ဆွေးနွေး တယ်လို့လည်း ပြောပါတယ်။
ဘာသာရေးကိစ္စတွေ သက်သက်ပဲ ဆွေးနွေးတာဖြစ်ပြီး တံခါးပိတ်ဆွေးနွေးတယ်လို့ ပြောတာတွေက မဟုတ်မှန်ဘူးလို့ ရဲအရာရှိက ပြောပါတယ်။
မောင်တောမြို့တောင်ပိုင်းမှာရှိတဲ့ ရခိုင်ငါးရွာကို ဦးဝီရသူ မနေ့က သွားရောက်တဲ့အခါ နယ်ခြားစောင့်ရဲဌာနပိုင် ကားတွေက ခရီးစဉ်ကို စောင့်ကြပ်ပေးပါတယ်။
အဲဒီလိုသွားတဲ့အခါ ဦးဝီရသူကို ဖူးရတာ အလွန်ဝမ်းသာတယ်လို့ တောင်ပိုင်းမှာရှိတဲ့ အလယ်သံကျော်ရွာက ရခိုင် လူမျိုး ဦးထွန်းကျော်က ပြောတယ်လို့လည်း ဆိုပါတယ်။ ရခိုင်လူဦးရေ နည်းသွားတာကို ရည်ညွှန်းပြီး ဒေသခံ ရခိုင်တွေ စိန်ခေါ်ခံနေရတာတွေကို ဦးဝီရသူ ပိုမိုသိရှိမယ်လို့ သူယုံကြည်တဲ့အကြောင်းလည်း ပြောပါတယ်။