အမျိုးဘာသာ သာသနာအတွက် လုံခြုံစိတ်ချနိုင်ပြီလို့ ဦးဝီရသူ မိန့်ကြား


2015.09.19
wirathu-rakhine-620.jpg မဘသ ဗဟိုဦးဆောင်ဆရာတော် အရှင်ဝီရသူကို စက်တင်ဘာလ ၁၉ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာကျင်းပတဲ့ မျိုးစောင့်ဥပဒေ အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲမှာ တွေ့ရစဉ်
Photo:Min Thein Aung/RFA

မြန်မာနိုင်ငံမှာ အမျိုးစောင့်ဥပဒေ ၄ ရပ်ကို ပြဌာန်းလိုက်နိုင်တာကြောင့် အမျိုးဘာသာ သာသနာအတွက် လုံခြုံစိတ်ချရနိုင်ပြီဖြစ်တယ်လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ ဗဟိုဦးဆောင်ဆရာတော် အရှင်ဝီရသူက မိန့်ကြားလိုက်ပါတယ်။

ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာကျင်းပတဲ့ မျိုးစောင့်ဥပဒေ အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲမှာ ဆရာတော် အရှင်ဝီရသူက မိန့်ကြားခဲ့တာပါ။

"ဒီကနေ့ အမျိုးစောင့်ဥပဒေကို ပြဌာန်းပြီး ကာကွယ်လိုက်နိုင်တာဟာ အတွင်းစည်းလုံခြုံအောင် စည်း ၄ ထပ် ထပ်မံပြီးတော့ တင်းတင်းကြပ်ကြပ် ကာရံလိုက်ခြင်းပဲဖြစ်ပါတယ်၊ ဒီအတွက်အတော့်ကို လုံခြုံစိတ်ချရပါပြီ သို့သော်လည်းပဲ ဒါနဲ့မပြီးသေးပါဘူး၊ ဦးဇင်းတို့တတွေ ဆက်လက်ပြီးတော့ ကြိုးစားရပါဦးမယ်"

အမျိုးစောင့်ဥပဒေမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားမှုနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ စတဲ့ ဥပဒေ ၄ ရပ်ပါဝင်ပြီး ပြီးခဲ့တဲ့ မေလနဲ့ သြဂုတ်လ အတွင်းက ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြု ပြဌာန်းခဲ့တာဖြစ်ပါတယ်။

ဒီအထဲမှာပါဝင်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေဟာ အမျိုးသမီးတွေအတွက် အခွင့်အရေး အပြည့်အဝရရှိအောင် ပြဌာန်းပေးထားတဲ့ ဥပဒေဖြစ်တယ်လို့လည်း ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဟာ အစိုးရအပေါ်မှာလည်း မူတည်နေတာကြောင့် လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးဘာသာသာနာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပြီး မဲပေးနိုင်အောင် စည်းရုံးသွားကြဖို့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဆရာတော်ကြီးတွေက မိန့်ကြားခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။