မိတ္ထီလာဒေသ အရေးပေါ် အခြေအနေအမိန့် ရုတ်သိမ်း
2013.07.20

မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနဲ့ သာစည် လေးမြို့နယ်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ဒီနေ့ကစပြီး ပြန်လည်ရုပ်သိမ်း လိုက်ပြီလို့ သတင်းရရှိပါတယ်။
အခုလိုရုပ်သိမ်းတာဟာ စစ်တပ်ကအုပ်ချုပ်တာကို ရုပ်သိမ်းတာသာဖြစ်ပြီး၊ ညမထွက်ရအမိန့်တော့ ကျန်နေသေးတယ်လို့ မိတ္ထီလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က RFA ကို ပြောပါတယ်။
"အရေးပေါ်အခြေအနေ ကြေညာတဲ့အခါကျတော့ အဲကြေညာတာကို ရုပ်သိမ်းတာလေ၊ ၂ဝ ရက်နေ့ပြည့်ပြီပေါ့၊ အားလုံးတော့မဟုတ်ဘူး၊ ပုဒ်မ ၁၄၄ ကျန်သေးတယ်၊ ညမထွက်ရအမိန့်က ရှိသေးတယ်၊ ဆိုင်တွေအစောကြီး ပိတ်ရတာကိုး၊ စီပွားရေးတော်တော်ကျသွားတယ် ပိတ်တာက"
မိတ္ထီလာမြို့မှာ မတ်လ ၂၀ ရက်နေ့ကစခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် ပဋိပက္ခတွေကြောင့် လူ ၄၂ ဦး သေဆုံးခဲ့ရကြသလို၊ အိမ်တွေ၊ ဘာသာရေး အဆောက်အဦးတွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး အုပ်ချုပ်နေခဲ့တာပါ။
အခုနောက်ပိုင်း အခြေအနေ တည်ငြိမ်လာပြီဖြစ်တဲ့အတွက် ပြဌာန်းထားတဲ့အရေးပေါ် အခြေအနေ ရုပ်သိမ်းဖို့ လွှတ်တော်က ဆုံးဖြတ်အတည်ပြုခဲ့ပြီး၊ အခုလိုရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်သူတွေကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်တွေက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။