ရန်ကုန်တိုင်းမှာ အမည်မပါသူ တစ်သိန်းခွဲရှိ


2015.09.29
voter-lists-check-620.jpg ရပ်ကွက်ရုံးမှာ မဲစာရင်းလာကြည့်သူ နှစ်ယောက်ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးမှာ ၂ ပတ်ကြာ ထုတ်ပြန်ကြေညာခဲ့တဲ့ မဲဆန္ဒရှင်စာရင်းမှာ နာမည် မပါလို့ဆိုပြီး ကော်မရှင်ရုံးခွဲ အသီးသီးထံ လျှောက်ထားသူ ၁ သိန်းခွဲနီးပါး ရှိတယ်လို့ တိုင်းဒေသကြီး ကော်မရှင်ရုံးခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

အခုချိန်ထိ စာရင်းမှာမပါလို့ လျှောက်ထားသူ ၁ သိန်းခွဲနီးပါးရှိပြီး အချက်အလက် ပြင်ဆင်သူ ၁ သိန်း ၃ သောင်းလောက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

"မဲစာရင်းမှာ ပုံစံ ( ၃ )နဲ့ ဖြည့်ပေးဖို့ပြောတာကတော့ ၁ သိန်း ၄ သောင်းကျော်ပါတယ်၊ ပုံစံ ၄ က ၄ သောင်း ၄ ထောင်ကျော်၊ ပုံစံ ၄ ( ဂ )ကတော့ ၈ သောင်း ၇ ထောင် ကျော်ပါတယ်"

ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၅ မြို့နယ်မှာ နောက်ဆုံးထုတ်ပြန်ကြေညာထားတဲ့ စာရင်းအရ မဲဆန္ဒရှင် ၅ သန်းကျော် ရှိပါတယ်။

အလားတူ ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှာ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းထဲမှာ နာမည်မပါလို့ဆိုပြီး လျှောက်ထား လာသူ တစ်သောင်းနီးပါးလောက်ရှိတယ် လို့ ပြည်နယ်ကော်မရှင်  အရာရှိ ဦးသူရိန်ထွဋ်က ပြောပါတယ်။

"ကျနော်တို့လိုက်ကြည့်တော့ တစ်မြို့နယ်မှာ ရာဂဏန်းလောက်ပဲရှိတော့တယ်၊ ထပ်လျှောက်ပါတယ်၊ အခုနောက်ပိုင်းထပ်လျှောက်ပါတယ်၊ ၃ ( က )နဲ့လျှောက်တဲ့ သူလည်း တော်တော်နည်းတယ်၊ တချို့ကအရင်တစ်ခေါက်က နာမည်စာရင်းမှာပါခဲ့ တာပေါ့၊ အခုပြန်ကြည့်တော့မပါဘူး၊ တချို့ကျတော့လည်း လုံးဝမပါဘူးပေါ့နော်"

ရခိုင်ပြည်နယ်မှာ လာမယ့် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ ၁ ဒသမ ၄ သန်းကျော်ရှိပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက မဲပေးနိုင်သူဟာ ၃ သောင်း နီးပါးရှိပါတယ်။

စစ်တွေမြို့နယ်က မွတ်စလင်ဒုက္ခသည်စခန်း ၁ဝ ခုကျော်နဲ့ မွတ်စလင် ကျေးရွာ ၁၀ရွာလောက်မှာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၂၆ ဦးသာရှိပြီး အဲဒီဒုက္ခသည်စခန်း ၁ဝ ခု ကျော်အတွက် မှန်ဇီဒုက္ခသည်စခန်း ကွပ်ကဲရေးရုံးမှာ မဲရုံတစ်ရုံထားပေးသွားမယ်လို့ သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး ၂၇ ရက်နေ့အထိ ၂ ပတ်ကြာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။