ဒုက္ခသည်အရေး ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးကို အမှုဖွင့်တရားစွဲဆိုမှု ရုပ်သိမ်းပေးဖို့ WKC တောင်းဆို


2018.10.22
wkc-statement-622.jpg ပြည်ပရောက် ကချင်လူမျိုးများ ကွန်ဂရက် WKC က ၂၀၁၈၊ အောက်တိုဘာ ၂၂ ရက်နေ့ ထုတ်ပြန်တဲ့ တောင်းဆိုချက်ကို တွေ့ရစဉ်
.

တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ လွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့တဲ့ ကချင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူ ၃ ဦးအပေါ် အမှုဖွင့် အရေးယူထားတာကို ခြွင်းချက်မရှိ ပြန်ရုပ်သိမ်းပေးဖို့ ပြည်ပရောက် ကချင်လူမျိုးများ ကွန်ဂရက် (WKC) က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ဒေသခံတွေ နစ်နာမှုတွေကို ထုတ်ဖော်ပြောဆိုသူတွေကို အခုလို တရားစွဲဆို တာတွေဟာ ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆောင်ရွက်ရာမှာ အဟန့်အတား ဖြစ်စေနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေါ်နန်ပူ၊ ဦးဇော်ဂျတ်နဲ့ ဦးလွမ်းဇောင်းတို့ကို တရားစွဲဆိုဖို့ အမိန့်ချမှတ်တာဟာ တရားမျှတမှုမရှိဘဲ စစ်တပ်က ချိုးဖောက်တဲ့ကိစ္စတွေကို ပြောဆိုသူတိုင်းအပေါ် တရားစွဲဆိုတာဟာ မပြောရဲအောင် ခြိမ်းခြောက်သလို ဖြစ်နေတယ်လို့ WKC ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက ပြောပါတယ်။

သူတို့ ၃ ဦးဟာ စစ်ဘေးဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလဆန်းပိုင်းတုန်းက ဦးဆောင် ဆန္ဒပြခဲ့တာပါ။ အဲဒီလိုဆန္ဒပြရာမှာ သုံးနှုန်းခဲ့တဲ့ စကားလုံး အသုံးအနှုန်းတွေဟာ တပ်မတော်ကို ထိခိုက်စေတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အမေရိကန်၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ ကနေဒါစတဲ့ နိုင်ငံပေါင်း နှစ်ဆယ်ကျော်မှာရှိတဲ့ ကချင်အဖွဲ့အစည်းတွေက စုပေါင်းတောင်းဆိုတာဖြစ်ပြီး ဒီတောင်းဆိုချက်ကို နိုင်ငံတကာ အဖွဲ့စည်းတွေ၊ မြန်မာနိုင်ငံရေးအရေး ဆောင်ရွက် နေသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။