နတ်မောက်မှာ အမျိုးသမီးငယ်တစ်ဦး အဖမ်းခံရ
မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မကွက်သစ်ရပ်ကွက်မှာ နေထိုင်တဲ့ မသဲစုမွန်ကို စက်တင်ဘာ ၁၅ ရက် မနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်မှပဲ လာရောက်ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက အင်အား ၂၀ ခန့်နဲ့ လာရောက်ဖမ်းသွားတာဖြစ်ပြီး ဘာကြောင့်ဖမ်းတယ်ဆိုတာနဲ့ ဘယ်နေ ရာကို ဖမ်းသွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
မသဲစုမွန်ဟာ ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းဖြစ်ချိန်က ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့သူသာဖြစ်ပြီး အခုဘာကြောင့်ဖမ်းသွားလဲဆိုတာ မသိရဘူးသေးပဲ အမျိုးသမီးဖြစ်နေတာ ကြောင့် ပိုပြီးစိတ်ပူတယ်လို့လည်း မိသားစုနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့ည ၉ နာရီဝန်းကျင်မှာလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အမှိုက်ပင် ကျေးရွာက ဒေသခံရွာသား အမျိုးသားလေးဦးနဲ့ အမျိုးသမီး တစ်ဦး စုစုပေါင်း ငါးဦးကို စစ်ကောင်စီက ဖမ်းသွားပါတယ်။
ဒါ့အပြင် အခုလ စက်တင်ဘာထဲမှာပဲ နတ်မောက်မြို့နယ်မှာ ပရဟိတလုပ်ငန်း လုပ်ကိုင်နေတဲ့ ရဟန်းတစ်ပါး ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။