ကျောက်တော်၊ မဟာမြတ်မုနိရွာ တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ
2020.01.06
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမြတ်မုနိရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှာ ဒေသခံ အမျိုးသမီးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတာကြောင့် မြို့နယ်ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတ လူမှုကူညီရေးအသင်းက ပြောပါတယ်။
မနေ့က ညနေ ၅ နာရီလောက်မှာ အသက် ၂၀ အရွယ် မဦးဝင်းအေး နေအိမ်မှာရှိနေစဉ် လက်နက်ကြီးကျည်စ ထိခိုက်တာခဲ့တာကြောင့် ညာဘက် ရင်အုံနဲ့ နဖူးတို့မှာ ထိခိုက်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရသူကို ကျောက်တော် ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးညီပုက
“မိုင်းတစ်လုံးတော့ ပေါက်တယ်လို့ ကြားတယ်။ မိုင်းပေါက်တဲ့နောက်မှာ တပ်မတော်က ပစ်တယ်လို့ ကြားပါတယ်။ ပစ်တဲ့အခါမှာ အမျိုးသမီး တစ်ဦးတော့ ထိသွားတယ်။ ကိုယ့်အိမ်မှာနေရင်းနဲ့ အမြှောက်ဆန် ထိသွားတာပါ။” လို့ပြောပါတယ်
ရွာထဲကို လက်နက်ကြီးကျည် မကျခင်မှာ ပေါက်ကွဲသံကြားရကြောင်း ဒေသခံတချို့က ပြောပါတယ်။ အဲဒီပေါက်ကွဲမှုဟာ တပ်မတော်ယာဉ်တန်းကို AA က မိုင်းခွဲ တိုက်ခိုက်တဲ့ နေရာက ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကျောက်တော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်က
“မဟာမြတ်မုနိ နောက်နားမှာ မိုင်းတစ်ခု ပေါက်တယ်လို့တော့ ကြားတယ်။ ဒီတော့ ဘုရားပတ်ဝန်းကျင်မှာ ရှိနေတဲ့ တပ်သားတွေက ပစ်လိုက်တာပေ့ါလေ။ အဲဒီတော့ မဟာမုနိရွာက မိန်းကလေးတစ်ယောက် ထိသွားတယ်။” လို့ပြောပါတယ်
တပ်မတော် စစ်ကြောင်းက မဟာမြတ်မုနိ ဘုရားဘက်ကနေ ရွာဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ချိန်ဟာ ဒေသခံတွေ ညနေထမင်းစားချိန်ဖြစ်ပြီး ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးခဲ့ရတယ်လို့ မဦးဝင်းအေးရဲ့ မောင်ဖြစ်သူ မောင်ငြိမ်းအေးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ထမင်းစားချိန်မှာ သူတို့က လှမ်းပစ်တာ။ ရွာဘက်ကိုပစ်တာ။ သူတို့ ပထမဆုံးစပစ်တယ်။ စပစ်ပြီး ငါးမိနစ်လောက် သူတို့ရပ်သွားတယ်။ ရပ်သွားတော့ ကျွန်တော်တို့က ထမင်းစားတယ် ။ ထမင်းစားချိန်မှာ နောက်လှမ်းပစ်တယ်။ လှမ်းပစ်တဲ့အချိန်မှာ ကျွန်တော်တို့ အမက ထိုင်နေတာ။ ထိုင်နေတဲ့အချိန်မှာ သူ့အပေါ်ကို ကျလာတာ။ ကျည်မှန်လာတာပေါ့ ”
မဟာမြတ်မုနိရွာမှာ ကျရောက်တဲ့ လက်နက်ကြီးကျည်ဟာ တပ်မတော်က ပစ်တာလို့ ဒေသခံတွေက ပြောပေမယ့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ မနေ့က အဲဒီရွာ ပတ်ဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်တာမျိုး မရှိသလို တပ်မတော် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတာမျိုးလည်း မရှိဘူးလို့ ပြောပါတယ်။
“မရှိပါဘူး။ ကျွန်တော်ပြောသလို တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ မနေ့က တိုက်ပွဲဖြစ်ပွားတာ နှစ်ခုရှိတယ်။ မြောက်ဦးဘက်မှာ ဖြစ်ပွားတာရှိတယ်။ ရာမောင်တံတားနားမှာ ဖြစ်ပွားတာ ရှိတယ်။ ဒီနှစ်ခုပဲ ရှိပါတယ်။ အဲဒီနေရာမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက အတည်တကျ နေရာယူထားတာတော့ မရှိဘူး။ သူ့လိုအပ်ချက်အရ သွားလာနေထိုင်နေတဲ့ စစ်ကြောင်းအဖွဲ့တွေ တော့ ရှိကောင်းရှိနိုင်ပါတယ်။”
ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း မဟာမြတ်မုနိရွာကိစ္စကို မသိရသေးကြောင်း ပြောပါတယ်။
“အဲဒီ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ဆီကိုတော့ ဘာမှ အသေးစိတ် အချက်အလက်တွေ ရောက်လာတာ မရှိသေးဘူး။ ရောက်လာတဲ့ အခါကျမှပဲ ကျွန်တော် ပြောထားပေးမယ်”
မနေ့က ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ နှစ်လကြာ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် မယူကမ်းအနောက်ဘက် အောင်ဆိပ်ကျေးရွာနဲ့ ကျေးတစ်ပင်ရွာ အနီးမှာ တပ်မတော်နဲ့ AA တို့ အချိန်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မရှိဘူးလို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ AA နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေဟာ လူနေထိုင်ရာ မြို့ပေါ် ရပ်ကွက်တွေထဲအထိ ရောက်လာတဲ့အတွက် သေဆုံးသူ အရပ်သားတစ်ရာ ဝန်းကျင်အထိ ရှိလာနေပါတယ်။ တိုက်ပွဲ ပြင်းထန်လာတာနဲ့ အမျှ အခုဆိုရင် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။