သုံးလအတွင်း အမျိုးသမီး ၅၆ ဦး သတ်ဖြတ်ခံရ
2023.10.13

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် ၂၀၂၃ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလထိ သုံးလအတွင်း အမျိုးသမီး ၅၆ ဦး နည်းမျိုးစုံနဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ခြောက်ဦး၊ လက်နက်ကြီးကြောင့် ၃၀ ဦး၊ ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၃ ဦးနဲ့ ရိုက်နှက်သတ်ဖြတ်ခံရသူ နှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မီးရှို့သတ်ဖြတ်ခံရသူ သုံးဦး၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ တစ်ဦးနဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူ တစ်ဦးတို့လည်း ပါဝင်တယ်လို့ BWU က ပြောပါတယ်။
စစ်ကောင်စီတပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ မလုပ်နိုင်သေးသရွေ့ ဒီလိုဖြစ်ရပ်တွေ ဆက်ကြုံနေရဦးမယ်လို့ BWU ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှုး ၂ ဒေါ်ဝေဝေက RFA ကို ပြောပါတယ်။
"လူမဆန်တဲ့လုပ်ရပ်လို့ ပြောတဲ့နေရာမှာ အပြစ်မဲ့တဲ့ အမျိုးသမီးတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ မုဒိမ်းကျင့်သတ်ဖြတ်တာတွေလည်း ပါပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ မလုပ်နိုင်သရွေ့ကတော့ ဒီလိုဖြစ်စဥ်တွေ ဆက်ရှိနေဦးမှာပါ"
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာတော့ မတွေ့ရသေးပါဘူး။
နိုငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ ၄၁၄၆ ဦး သေဆုံးခဲ့ပါတယ်။