အမျိုးသမီးအဖွဲ့တွေ တရားစီရင်ရေးကို ဆန္ဒပြ
2016.09.15

ပြီးခဲ့တဲ့နှစ်က မြောက်ဥက္ကလာပမြို့နယ်မှာ အမျိူးသမီးတစ်ဦးကို ချုပ်နှောင်ညှင်းပမ်းနှိပ်စက်ခဲ့တဲ့ အမှုကို ဒီကနေ့ မြောက်ဥက္ကလာပ တရားရုံးက ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ်၂ နှစ် ချမှတ်ခဲ့တာကို မကျေနပ်တဲ့အတွက် အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ ၂၅ ဦးက ရန်ကုန်မြို့ ပြည်သူ့ဟစ်တိုင်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ထောင်ဒဏ်၂ နှစ်ဆိုတဲ့ ပြစ်ဒဏ်ကနည်းပါးပြီး ချုပ်နှောင်ညှင်းပမ်းနှိပ်စက်ခံရတဲ့ အမျိုးသမီးရဲ့အနောက်မှာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေရှိတယ်ဆိုတာကို သိစေချင်တာကြောင့်ဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ Myanmar Women Positive Network ရဲ့ ဥက္ကဌ မထွေးထွေးမြင့်က ပြောပါတယ်။
"ကျွန်မတို့က အချက်အလက် ခိုင်ခိုင်မာမာပြလို့ မရဘူးပေါ့နော်၊ ဒါပေမဲ့ သေချာတယ် ဒီကလေးမလေးသည် ဥတလုံးတကောင်ကြွက် မဟုတ်ဘူး၊ သူသည်ခြေမဲ့လက်မဲ့ မဟုတ်ဘူး၊ သူ့ရဲ့အနောက်မှာ အမျိုးသမီးအဖွဲ့ စည်းတွေရှိတယ်၊ အရံအတားတခုအနေနဲ့ ကျွန်မတို့က ပါဝင်ပေးနိုင်တယ်ဆိုတာကို ပြချင်တာပါ၊ တကယ်ဆို လို့ရှိရင် လမ်းပေါ်မှာမိန်းကလေးတွေကို ကာယအိန္ဒြေပျက်ပြားအောင် စရုံနောက်ရုံနဲ့တောင်မှ တနှစ်လောက်ချ လို့ရတဲ့ဟာလေ၊ သူဟာထိခိုက်နာကျဉ်မှုကိုလည်း ခံစားရတယ်၊ ချုပ်နှောင်ထားတယ် တကယ်လည်းပြစ်မှုက သေ ချာနေတယ်၊ အဲ့ဒီအပြင်ကိုမှ ဓားတွေနဲ့မွှန်းထားတာတွေ၊ အရှိုးရာတွေထပ်အောင် ရိုက်ထားတဲ့ဟာတွေ၊ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒီလောက်ထိခိုက် နာကျင်ပြီးတော့ သူနဲ့ထိုက်တန်တဲ့ပြစ်မှုကို ပြစ်ဒဏ်ကို မချမှတ်နိုင်ဘူး လို့ မြင်တယ်"
ဆန္ဒပြပွဲကို Myanmar Women Positive Network အခရာ Myanmar Women Network အဖွဲ့နဲ့ တခြား အမျိုးသမီးရေးလှုပ်ရှားသူတွေလည်း ပါဝင်ခဲ့ပါတယ်။
အဲ့ဒီအမှုကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးက ၁ဝ လကြာ စစ်ဆေးခဲ့တာဖြစ်ပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက တရားရုံးမှာ အယူခံထပ်ဝင်သွားမယ်လို့ ပြောပါတယ်။