နေရပ်စွန့်ခွာသူ အမျိုးသမီးနဲ့ ကလေးငယ်တွေ လူကုန်ကူးခံရနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂထံတင်ပြ

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ ၁.၃ သန်းကျော်ရှိလာပြီး အဲ့ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်များစွာပါဝင်တဲ့အတွက် ဒီအခြေအနေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးဆိုရင် သူတို့တွေဟာ လူကုန်ကူးမှုရဲ့ အဓိကသားကောင်တွေဖြစ်လာနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီရဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူများရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီအရင်ခံစာတင်သွင်းသူနဲ့ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာ သံအမတ်ကြီးက တင်ပြခဲ့တာပါ။
ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ နေရပ်စွန့်ခွာသူ ၁.၃ သန်းကျော်အထဲမှာ ရိုဟင်ဂျာ သုံးသိန်းကျော် ပါဝင်တယ်လို့လည်း ဆိုပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အဟာရမပြည့်ဝမှု၊ နေစရာအခက်အခဲနဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေရရှိရမယ့်အခြေခံအခွင့်အရေးတွေကို ချိုးဖောက်ခံနေရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
ကုလသမဂ္ဂအနေနဲ့ ဒီပျက်စီးယိုယွင်းနေတဲ့ အခြေအနေအတွက် ထုတ်ပြန်ချက် ထုတ်ပေးရုံနဲ့ မလုံလောက်တော့ဘဲ ထိရောက်တဲ့လက်တွေ့ဆောင်ရွက်ချက်တွေနဲ့ အကာအကွယ်ပေးဖို့အတွက်လည်း တိုက်တွန်းလိုက်ပါတယ်။
နေရပ်စွန့်ခွာသူတွေ မိမိတို့နေရပ်ကို ပြန်နိုင်ဖို့နဲ့ လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေပေးနိုင်ဖို့ နည်းလမ်းတွေရှာဖွေပေးဖို့အတွက်လည်း နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြံပြုပေးဖို့ တောင်းဆိုခဲ့ပါတယ်။