အမျိုးသမီးစစ်မှုထမ်းခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း စစ်ကောင်စီပြော

RFA Burmese
2025.02.07
အမျိုးသမီးစစ်မှုထမ်းခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း စစ်ကောင်စီပြော ၂ဝ၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးတချို့အား တွေ့ရစဉ်။
AFP

စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အမျိုးသမီးတွေလည်း စစ်မှုထမ်းဖို့အကျုံးဝင်ပေမဲ့ အမျိုးသမီးစစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီပိုင် သတင်းဌာနတွေမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောလိုက်တာပါ။

"ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ အမျိုးသမီးအသက်ဘယ်လောက်၊ အမျိုးသားအသက်ဘယ်လောက်ဆိုတာ ပြောခဲ့ပြီး ဖြစ်ပါတယ်၊ ဒါကမူတည်ပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်နေတာတွေကို ကျွန်တော်တို့အနေနဲ့ တွေ့ရှိရပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ အတိအလင်းပြောကြားလိုတာက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးစစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးဘူးလို့ ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်"

အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စာရင်းကောက်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို စစ်ကောင်စီဘက်က ပြောဆိုတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ ဒုတိယပတ်လောက်ကစပြီး ရန်ကုန်တိုင်း သန်လျင်၊ ကျေက်တန်း၊ ခရမ်း၊ သုံးခွ၊ ဒေါပုံ၊ သာကေတ၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) စတဲ့ မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား အမျိုးသမီးတွေ စာရင်းကို စစ်ကောင်စီ ဒေသအာဏာပိုင်တွေ ကောက်ယူနေတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။

အမျိုးသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ ကောက်ယူတာဖြစ်ပြီး ခရီးဝေးသွားမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေကို အကြောင်းကြားပေးဖို့လည်း အသိပေးတာတွေရှိတယ်လို့ ပြောကြပါတယ်။

စစ်မှုထမ်းဥပဒေအရ အသက်အရွယ် သတ်မှတ်ချက်အတွင်း အကျုံးဝင်တဲ့ အမျိုးသမီးတွေကို စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) ကစပြီး ခေါ်သွားမယ်လို့ စစ်ကောင်စီက အရင်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေမှာ စစ်မှုထမ်းရမဲ့သူတွေဟာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅၊ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် အတတ်ပညာတစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူဆိုရင်တော့ အမျိုးသားက ၄၅ နှစ်အထိနဲ့ အမျိုးသမီးက ၃၅ နှစ်အထိ အကျုံးဝင်ပါတယ်။

စစ်မှုထမ်းဖို့ ပျက်ကွက်ရင်၊ ရှောင်တိမ်းဖို့ကြိုးစားရင် ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်၊ သန်းခေါင်စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာလည်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေကို ပြည်ပနိုင်ငံတွေဆီ ထွက်ခွာခွင့် ပိတ်ပင်တဲ့ ပုဒ်မတွေကို စစ်ကောင်စီက ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) အထိ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။