တိုက်ပွဲတွေ ရပ်တန့်ဖို့ WLB ကြေညာချက်ထုတ်
2018.12.09

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့အတွက် တိုင်းရင်းသားဒေသ အသီးသီးက စစ်ပွဲတွေ ရပ်တန့်ဖို့၊ တိုင်းရင်းသားဒေသတွေမှာ တိုးချဲ့ထားတဲ့ အစိုးရတပ်တွေကို ပြန်ရုပ်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ) က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ကျရောက်တဲ့ အမျိုးသမီးများ အဖွဲ့ချုပ်( မြန်မာနိုင်ငံ ) ရဲ့ ၁၉ နှစ်ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန် ချက်မှာ ထည့်သွင်းတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်တွေမှာ အမျိုးသမီးတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ အတင်းအဓမ္မ လုပ်အားစေခိုင်းခံရခြင်း၊ ပေါ်တာဆွဲခံရခြင်း၊ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေ ခံခဲ့ရတဲ့အပြင် လူမှုအသိုင်းအဝိုင်းရဲ့ ခွဲခြားဆက်ဆံခြင်းကိုလည်း ခံနေရဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပဋိပက္ခကြောင့် နစ်နာခဲ့ရသူတွေနဲ့ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေးတွေမှာ ပါဝင်ခဲ့သူတွေအတွက် အမှန်တရားရရှိစေဖို့ တရားမျှတတဲ့ ယန္တရားတစ်ခုတည်ဆောက်ပြီး အကြမ်းဖက်မှုကျူးလွန် သူတွေကို ကင်းလွတ်ခွင့်မပေးဘဲ အရေးယူဆောင်ရွက်ပေးဖို့လည်း ထည့်သွင်း တောင်းဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။