အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်များ အိန္ဒိယကို လေ့လာရေးထွက်ခွာ

2013.05.12

နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာရေးအတွက် အတွေ့အကြုံတွေကို လေ့လာနိုင်ဖို့အတွက် အမျိုးသမီးနိုင်ငံရေးခေါင်းဆောင် ၁၂ ဦးဟာ ရန်ကုန်လေဆိပ်ကနေ အိန္ဒိယနိုင်ငံကို ဒီကနေ့ထွက်ခွာသွားခဲ့ကြပါတယ်။

သူတို့ခရီးစဉ်ဟာ သီတင်းတစ်ပတ်ကြာမှာဖြစ်ပြီး နိုင်ငံရေးမှာ အမျိုးသမီးထုရဲ့အခန်းကဏ္ဍ အားကောင်းလာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိကထားဆွေးနွေးမယ်လို့ ခရီးစဉ်မှာပါဝင်တဲ့ ခေတ်သစ်ပြည်သူ့ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီစံက RFA ကို ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့နောင်အနာဂတ်မှာ အမျိုးသမီးတွေ လွှတ်တော်မှာကော၊ အစိုးရအဖွဲ့ထဲမှာကော ပါဝင်နိုင်အောင်၊ နောက်ဆုံးအဆင့်က ၃၀ ရာခိုင်နှုန်းပါဝင်နိုင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ၊ ဘာတွေလိုအပ်နေလဲ၊ ကိုယ့်နိုင်ငံတိုးတက်အောင် ဘာတွေဆောင်ရွက်ရမလဲဆိုတာ လေ့လာတဲ့သဘောပေါ့"

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ်တွေ ပိုပြီးဝင်ရောက်လာဖို့ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်တွေကိုလည်း အိန္ဒိယနိုင်ငံက အတွေ့အကြုံတွေကနေ ရယူသွားမယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေး၊ နိုင်ငံအုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ အမျိုးသမီးအရေအတွက် ပိုများလာရေး၊ အကြမ်းဖက်ခံရမှုက အကာအကွယ်ပေးရေးနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ မြင့်တင်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ အိန္ဒိယနိုင်ငံက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ၊ ဥပဒေပညာရှင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်ကို ဖန်တီးအိမ် လူမှုရေးအဖွဲ့အစည်းက စီစဉ်တာဖြစ်ပြီး မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့က အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမျိုးသမီးခေါင်းဆောင်တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။