ဝံသာနုပါတီ တည်ထောင်ခွင့် စစ်ကောင်စီကော်မရှင်ငြင်းပယ်
2023.05.11

မန္တလေးတိုင်းအခြေစိုက် ဝံသာနုပါတီ တည်ထောင်ခွင့်လျှောက်ထားချက်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်မြိုင်က RFA ကို ဒီနေ့ ပြောပါတယ်။
ပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့ အဖွဲ့ဝင် ၁၈ ဦးထဲမှာ တစ်ဦးက အခွန်ထမ်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်လိုက်တာလို့လည်း ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်မြိုင်က ပြောပါတယ်။
"အဲဒီဟာကို အခွန်ထမ်းဖို့ ပျက်ကွက်တဲ့အတွက် အခွန်ရှောင်၊ အခွန်ထမ်းမကျေတော့ အခွန်ဦးစီးဌာနရဲ့ ကန့်ကွက်မှုကြောင့် အခုလို လုပ်ခံရတာပေါ့ဗျာ။ လက်ရှိ ဘယ်လို လုပ်မလဲဆိုတော့ ကျွန်တော်က အခု UEC ကို ပြန်မေးထားတယ်ဗျ။ အဲဒီတစ်ယောက်ကို ထုတ်ပစ်လိုက်ရင်ရမလား။ ဒါမှမဟုတ် အသစ်ပြန်တင်ရမလားဆိုတာ UEC ကို မေးထားတုန်းပါဗျာ။ UEC က အကြောင်းမပြန်သေးလို့ပါ"
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ဝံသာနုပါတီရဲ့ လျှောက်ထားချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ စိစစ် ပြန်ကြားချက်တွေအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ မညီညွတ်တဲ့အတွက် ပါတီတည်ထောင်ခွင့်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဂ)အရ ငြင်းပယ်လိုက်တာလို့ မေလ ၁၁ ရက်နေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်ပြီးနောက် တည်ဆဲနိုင်ငံရေးပါတီ ၅၀ က မှတ်ပုံပြန်တင်ထားပြီး နိုင်ငံရေးပါတီ ၁၃ ခုကတော့ ပါတီသစ်တည်ထောင်ဖို့ လျှောက်ထားထားတာပါ။
အဲဒီလို လျှောက်ထားတဲ့ပါတီတွေထဲမှာ နိုင်ငံတစ်ဝန်း စည်းရုံးမယ့် ပါတီ ၁၂ ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုတည်းမှာပဲ စည်းရုံးမယ့်ပါတီ ၅၁ ပါတီ ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အသစ်လျှောက်ထားတဲ့ ၁၃ ပါတီထဲက ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)၊ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုတိုးတက် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်အင်အားစု လေဘာပါတီနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီငါးခုကို ပါတီတည်ထောင်ခွင့် ခွင့်ပြုထားပြီး ကျန်တဲ့လျှောက်ထားချက်တွေကို လည်း ဆက်ပြီး စစ်ဆေးနေတယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပါတီတည်ထောင်ခွင့်ငြင်းပယ်ခံရတဲ့ ဝံသာနုပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံပြန်မတင်လို့ ဖျက်သိမ်းကြောင်း ကြေညာခဲ့တဲ့ နိုင်ငံရေးပါတီ ၄၀ ထဲက ဝံသာနုဒီမိုကရက်တစ်ပါတီကနေ ဝံသာနုပါတီ အဖြစ် အသွင်ပြောင်းပြီး ပါတီတည်ထောင်ခွင့် အသစ်ထပ်မံလျှောက်ထားခဲ့တဲ့ ပါတီဖြစ်ပါတယ်။