သစ်အချောထည်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
2018.08.01

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်က မြန်မာမေကောင်း သစ်အချောထည်စက်ရုံမှာ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံတာ ရပ်တန့်ဖို့ အပါအဝင် အချက် ၁၀ ချက်ကို အလုပ်သမား ၃၀ ခန့်က ဒီနေ့ ဆန္ဒပြ တောင်းဆို ကြပါတယ်။
ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမယ့် မပြေလည်လို့ ဆန္ဒပြတောင်းဆိုတာလို့ စက်ရုံအလုပ်သမား မတိုးတိုးဝင်း က ပြောပါတယ်။
"ဒီနေရာမှာ ကျမတို့ပြန်လုပ်မယ်၊ ပြီးတော့ ဆိုင်ရာကလူတွေနဲ့ ကျမတို့အဖွဲ့အစည်းအလုပ်သမားတွေ အဲဒီလူတွေကို ဖိနှိပ်တာတွေ လုံးဝဆက်မလုပ်ပါနဲ့၊ ခွဲခြားဆက်ဆံတာတွေ လုံးဝမလုပ်ပါနဲ့ ဘယ်လိုခွဲခြားဆက်ဆံသလဲဆိုတော့ သူက သမဂ္ဂထဲမှာမပါရင် OT ပေးတယ်၊ ပါရင် OT မပေးဘူး၊ ပြီးတော့ သမဂ္ဂထဲမှာမပါတဲ့လူကို ဘာလုပ်နေနေ သူတို့မကြည့်ဘူး၊ သမဂ္ဂထဲမှာပါတဲ့လူကို အလုပ်လုပ်နေတာကိုမြင်ရဲ့သားနဲ့ မျက်စိဒေါက်ထောက်ပြီးကြည့်တယ်"
သစ်အချောထည်စက်ရုံက အလုပ်သမား ၃၀ ခန့်ဟာ အလုပ်သမားသမဂ္ဂကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းတာ ရပ်တန့်ဖို့၊ သမဂ္ဂအဖွဲ့ဝင်တွေကို ခွဲခြားဆက်ဆံတာ ရပ်တန့်ဖို့၊ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ ဌာနပြောင်းရွှေ့တာတွေ မလုပ်ဖို့၊ သန့်ရှင်းတဲ့ သောက်သုံးရေရှိဖို့၊ ကျွမ်းကျင်စရိတ် ရရှိဖို့၊ ပုံမှန် နှစ်တိုးကြေးနဲ့ ရက်မှန်ကြေးတွေပေးဖို့ တို့ကိုလည်း တောင်းဆိုကြတာဖြစ်ပါတယ်။
စက်ရုံအလုပ်သမားတွေ ဆန္ဒပြတာနဲ့ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူကို မေးမြန်းပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
မြန်မာမေကောင်းစက်ရုံမှာ အလုပ်သမား ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။