အလုပ်လုပ်ခွင့် လျှောက်လွှာကြေး ဘတ်ငါးရာ အထိ လျှော့ချ
2014.12.24
ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီယား နဲ့ လာအိုနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အလုပ်လုပ် ကိုင်ခွင့် လျှောက်လွှာကြေး ကို ထိုင်းဘတ်ငွေ ငါးရာ အထိ လျှော့ချပေးဖို့ ထိုင်းအာဏာသိမ်းစစ် အစိုးရအဖွဲ့က မနေ့က သဘောတူလိုက်ပါတယ်။
အရင်က အလုပ်လုပ်ကိုင်ခွင့် လျှောက်လွှာကြေး ဟာဘတ်ငွေ နှစ်ထောင်ဖြစ်ပါတယ်။အဲ့ဒီ လျှောက်လွှာကြေးကို ဘတ် ၅၀၀ အထိလျှော့ချဖို့ ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက အဆိုပြုခဲ့တာဖြစ်ပြီး၊ အစိုးရအဖွဲ့က အင်္ဂါနေ့က သဘောတူလိုက် တာဖြစ်ပါတယ်။
အခုလို အလုပ်လုပ်ကိုင်ခွင့် လျှောက်လွှာကြေး လျှော့ချပေးခံရမဲ့ မြန်မာ၊ ကမ္ဘောဒီယား နဲ့လာအိုနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေဟာ နိုင်ငံကူးလက်မှတ် နဲ့ နိုင်ငံသားဆိုင်ရာ အထောက်အထားတွေ ပြည့်စုံရမယ်လို့ အစိုးရ ပြောခွင့်ရ သူက ဆိုပါတယ်။
လျှော့ပေးလိုက်တဲ့ လျှောက်လွှာကြေး နှုန်းသစ်ဟာ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြီးတာနဲ့ အတည်ဖြစ်မယ်လို့ သိရပါတယ်။