တောင်ဒဂုံမြို့သစ် အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ မြို့သစ်မြို့နယ် စက်မှုဇုန် (၁) မှာရှိတဲ့ အက်စ်ဂျီအိုင် အထည်ချုပ်စက်ရုံ (၁) နဲ့ စက်ရုံ (၄) က အလုပ်သမားတွေ လုပ်ခလစာနဲ့ အချိန်ပိုကြေး တိုးပေးဖို့အတွက် ဒီကနေ့ မနက် ၇ နာရီမှာ အလုပ်မဆင်းဘဲ စက်ရုံရှေ့မှာ ဆန္ဒပြခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

2011.08.06
factory_workers_305_z.jpg ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အက်စ်ဂျီအိုင် အထည်ချုပ်စက်ရုံဟာ ရုံခွဲ (၆) ရုံရှိပြီး ကိုရီးယားလူမျိုး ပိုင်တဲ့စက်ရုံ ဖြစ်ပါတယ်။ စက်ရုံအမှတ် ဂျီ (1) နဲ့ ဂျီ (4) က အလုပ်သမား (၂) ထောင်လောက် အလုပ်မဆင်းဘဲ လုပ်ခလစာ အပါအဝင် စက်ရုံတွင်း အလုပ်သမား အခွင့်အရေးတွေအတွက် တောင်းဆိုဆန္ဒပြတာနဲ့ ပတ်သက်လို့ အလုပ်သမားတွေနဲ့ နီးစပ်သူ ဒေသခံ တဦးက အခုလို ပြောပြပါတယ်။

“မနက် သူတို့ အလုပ်ချိန်ပေါ့နော်၊ ၇ နာရီထဲကနေပြီးတော့ အလုပ်မဆင်းကြတော့ဘဲနဲ့ စက်ရုံအပြင်ဘက်မှာ အားလုံး စုဝေး ထိုင်ချပြီးတော့ သူတို့ရဲ့ လစာနှုန်းတွေ နည်းနေတဲ့အပေါ်မှာ တောင်းဆိုပြီးတော့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတာပါ။ နောက်ပြီး သူတို့က မနက် ၇ နာရီကနေ ည ၈ နာရီအထိ အလုပ်လုပ်ရတယ်ပေါ့နော်။ အဲဒီကြားထဲမှာမှ ရက်ပျက်ကြေးတွေကို အဆမတန် ကောက်တဲ့အတွက် လစာထုတ်တဲ့ အချိန်မှာ သူတို့မှာ ဘာမှ မကျန်ဘူးပေါ့နော်။ မကျန်တဲ့အတွက် အဲဒါတောင်းဆိုကြတာပါ”

အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့တဲ့ အလုပ်သမား ၂ ထောင်လောက်ထဲက အလုပ်သမားခေါင်းဆောင် ၅ ဦးကို ခေါ်ပြီး စက်ရုံ တာဝန်ရှိသူတွေ အပါအဝင် အစိုးရ အလုပ်သမားရုံးက တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေ နေ့လယ်ပိုင်းမှာ ညှိနှိုင်းခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ စက်ရုံအလုပ်သမက အခုလို ပြောပါတယ်။

“လူကြီးတွေ လာတယ်တဲ့ အများကြီး။ ခေါင်းဆောင်တွေ လေးငါးယောက်ကို စုပြီးတော့ ခေါ်သွားတယ်။ အဲဒီလူကြီးတွေနဲ့ ရုံးခန်းထဲမှာ အစည်းအဝေးထိုင်ပြီး ပြောတာပေါ့နော်။ ပိုက်ဆံမဖြတ်ဖို့ရယ်၊ ပြီးတော့ အိုတီချိန် များများခေါ်ရင် အစတုန်းက သမီးတို့ ရှစ်နာရီ ခေါ်လို့ရှိရင် တရာပဲ ပေးတယ်လေ။ အခု ရှစ်နာရီခေါ်ရင် ၁၅ဝ ပေးပါ့မယ်လို့ ရှင်းပေးတယ်။ ပြီးတော့ ရက်ပျက်လို့ရှိရင် အများကြီး မဖြတ်ဖို့ ရှင်းပေးတယ်။ ကျန်တဲ့ဟာ အခြေခံလစာတွေ ဘာတွေဆိုရင် သူဌေးလာမှ အကုန်လုံးကို ဖြည့်ဆည်းပေးဖို့ကို ထပ်ပြောပေးမယ်ပေါ့”

အက်စ်ဂျီအိုင် အထည်ချုပ်စက်ရုံမှာ တလကို ခြောက်သောင်းလောက် လစာရပေမယ့် အလုပ်ပျက်ရက်အတွက် တရက်ကို ၉ ထောင်နှုန်းဖြတ်ပြီး အချိန်ပိုကြေးလည်း နည်းတာကြောင့် အလုပ်သမားအများစု လစာထုတ်ရင် ပိုက်ဆံ သိပ်မကျန်တဲ့အတွက် ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်။

အက်စ်ဂျီအိုင် အထည်ချုပ်စက်ရုံက တာဝန်ရှိသူ တဦးကတော့ အလုပ်သမားတွေ ဆန္ဒပြတာမဟုတ်ဘဲ သူတို့အခွင့်အရေး သူတို့ တောင်းဆိုတာကို စက်ရုံဘက်က တာဝန်ရှိသူတွေနဲ့အတူ ဖြေရှင်းပေးလိုက်နိုင်ကြောင်း အခုလို ပြောပါတယ်။

“ဆန္ဒပြတယ်လို့တော့ မဟုတ်ဘူးဗျ။ သူတို့ အခွင့်အရေးလေးတခု တောင်းဆိုတဲ့ သဘောပဲ။ လစာ တိုးတောင်းတာပါ။ သူများတွေက ၇ သောင်း ၈ သောင်းလောက် ရနေပြီ၊ သူတို့လည်း အဲဒီလောက် လိုချင်တယ်ဆိုပြီး တိုးတောင်းတဲ့သဘော ကျနော်သိတာတော့။ လူကြီးတွေကတော့ အစုံဘဲဗျာ။ လေဘာကရော မြို့နယ်ကရော အများကြီးလာတယ်။ ပြေလည်သွားပါပြီ”

ဆန္ဒပြ အလုပ်သမားတွေရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ အခြေခံလစာနှုန်း တိုးမြှင့်ပေးဖို့ကိုတော့ အလုပ်ပိုင်ရှင် မရှိတဲ့အတွက် စက်ရုံပိုင်ရှင်နဲ့ ထပ်ပြီး ညှိနှိုင်းဖြေရှင်းပေးမယ့်အကြောင်း အစိုးရအလုပ်သမားရုံး တာဝန်ရှိသူတွေက အလုပ်သမားတွေကို ပြောကြား ဖြေရှင်းပေးခဲ့ပြီး မွန်းလွဲပိုင်းမှာ အလုပ်သမားတွေ အေးအေးဆေးဆေး အိမ်ပြန်သွားခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။