အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် အလုပ်သမားတွေ လက်ခံ
2015.07.05

အစိုးရက သတ်မှတ်ပေးတဲ့ တစ်ရက် အနိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ ကျပ် နှုန်းထားကို အလုပ်သမားတွေဘက်က လက်ခံကြောင်း မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM က ဒီကနေ့ လှိုင်သာယာမြို့နယ် CTUM သင်တန်းကျောင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။
ဒီနှုန်းထားဟာ အထွေထွေအလုပ်သမားတစ်ယောက်အတွက် လက်ခံနိုင်လောက်တဲ့ နှုန်းထားဖြစ်တယ်လို့ လှိုင်သာယာ YES ONE အထည်ချုပ် အလုပ်သမားသမဂ္ဂ ဥက္ကဌ မဝင်းသီင်္ဂ ီစိုးက ပြောပါတယ်။
"အထွေထွေလုပ်သားပေါ့နော်၊ စက်ချုပ်တဲ့လူတွေ၊ အကူပေါ့နော်၊ ၃၆၀၀ သတ်မှတ်တာပေါ့နော်၊ ကျန်တဲ့သူတွေ က ပိုပြီးမြင့်သွားမှာပေါ့နော်၊ သမဂ္ဂနဲ့ အလုပ်ရှင်နဲ့ ထပ်ပြီးတော့ ဆွေးနွေးမှုတွေလုပ်ရဦးမယ်၊ ၃၆၀၀ ချမှတ်ပေးလိုက်ရင် ကျန်တဲ့ဟာတွေကို အများကြီး ချမှတ်ပေးရမှာပါ၊ အလုပ်ရှင်ဘက်ကလည်း ဥပမာ အလုပ် သမားဘက်ကို ထိန်းချုပ်ထားတဲ့ ရက်မှန်ကြေးတို့၊ စည်းကမ်းကြေးတို့ အဲ့ဒါတွေသူတို့ဘက်က ထပ်ထည့်ရင် ကျမတို့နဲ့ ညှိနှိုင်းရဦးမှာပါ"
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အနိမ့်ဆုံး အဆိုပြု လုပ်ခလစာ တစ်ရက်ကို ကျပ် ၃၆၀၀ သတ်မှတ်ဖို့ အစိုးရက ထုတ်ပြန်ကြေငြာထားပြီး ဖြစ်ပါတယ်။
အဲဒီနှုန်းထားအပေါ် အထည်ချုပ်လုပ်ငန်းရှင်တချို့က ငြင်းပယ်ထားပြီး တစ်ရက်ကို ၂၅၀၀ ကျပ်နှုန်းသာ ပေးဖို့ အဆိုပြုထားပါတယ်။ တရုတ်နဲ့ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင် ၁၀၀ ကျော်တို့က လက်ရှိ အစိုးရ သတ်မှတ်နှုန်း ထားအတိုင်းပေးရရင် သူတို့ရဲ့လုပ်ငန်းတွေ ပိတ်သိမ်းသွားမယ်လို့ ပြောပါတယ်။
အလုပ်သမားတွေက ဒီနှုန်းထားဟာ လုပ်ငန်းရှင်တွေဘက်က ပေးနိုင်တဲ့ နှုန်းထားဖြစ်တာကြောင့် ညှိနှိုင်းတောင်း ဆိုသွားမယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ နောက်ထပ် အလုပ်သမားသမဂ္ဂအဖွဲ့ ၅ ဖွဲ့တို့က အစိုးရသတ်မှတ်နှုန်းထား ၃၆၀၀ ကျပ်အပြင်၊ ခရီးစရိတ် (ဒါမဟုတ်) ဖယ်ရီကြေး၊ နေထိုင်စရိတ်နဲ့ လုပ်ငန်းခွင် ပညာသင်ကြားနိုင်ခွင့်၊ လုပ်သက်ခံ စားခွင့်တွေအနေနဲ့ တစ်နှစ်ကို ကျပ် တစ်သောင်း ထည့်သွင်းသတ်မှတ်ပေးဖို့ လည်း တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အနိမ့်ဆုံးလုပ်ခလစာ ဆိုင်ရာ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။