စစ်ရေးတင်းမာမှုကြောင့် မှော် လုပ်သား ၅၀၀၀ ခန့် ထွက်ပြေး
2014.10.06

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၁၄) နဲ့ အစိုးရတပ်မ (၆၆) လက်အောက်ခံတပ်တွေအကြား နှစ်ဖက်စစ်ရေး အခြေအနေတင်းမာမှုကြောင့် မြို့ရဲ့ တောင်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ ရာမွတ်လို့ခေါ်တဲ့ ပယင်းမှော်မှာ လုပ်ကိုင်နေသူ ငါးထောင်လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ကေအိုင်အေတပ်ရင်း (၁၄) က ‘မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး’ ခေါင်းစဉ်နဲ့ တပ်သားသစ် စုဆောင်းနေတာတွေကို ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထား သူတွေကို အောက်တိုဘာ ၃ ရက်နေ့ နောက်ဆုံး ထားပြန်လွှတ်ပေးဖို့ တနိုင်းအခြေစိုက် ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ်က အချက် ၅ ချက်ပါတဲ့ သတိပေးစာ ကို ကေအိုင်အေ တပ်မဟာ (၂) ထံ ပေးပို့ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်ပိုင်း အခုလိုအခြေအနေ တင်းမာနေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
"စာပို့တဲ့အကြောင်းရင်းကလည်း ကေအိုင်အေဖက်ကနေပြီးတော့မှ မူးယစ်ဆေးဝါး သုံးတဲ့လူတွေကို ဖမ်းဆီးတယ်ပေါ့ဗျာ၊ ၅ဝ၊ ၆ဝ ပေ့ါ၊ အဲ့ဒါကို အစိုးရဖက်က စစ်သင်တန်းပေးတယ်လို့ မြင်တာပေါ့ဗျာ၊ ၃ ရက်အတွင်း မပို့ဘူးဆိုလို့ရှိရင် တပ်တွင်းရှင်းလင်းရေးလုပ်မယ်ဆိုပြီး စာထဲမှာပါပါတယ်ခင်ဗျ၊ စာရောက်ပြီးဆိုတော့ ကေအိုင်အေက သူတို့အတွက် တာဝန်မယူနိုင်ဘူးလေ၊ တချို့ကတော့ ပစ္စည်းတွေ သယ်နိုင်သလောက်သယ်ပြီး တနိုင်းကို ပြန်လာကြတာပေါ့"
အဲ့ဒီသတင်းဟာ မှားယွင်းကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
"၃ ရက်နေ့တုန်းက ပဋိပက္ခညှိနှိုင်းရေး အစည်းအဝေးမှာ စာတစ်စောင်ထွက်လာတယ်၊ ဘယ်သူကရေးတယ် ဆိုတာ ခေါင်းစဉ်မပါဘူး၊ ဘယ်သူရေးပြီးမှ ဘယ်သူလက်မှတ်ထိုးတာလည်းမပါဘူး၊ တိုင်းကလည်း သူတို့ရေးတာမဟုတ်ဘူးတဲ့၊ အဲ့တာကြောင့်ပြောတယ်၊ ဒီစာကဘယ်သူရေးတာလဲ၊ ခြိမ်းခြောက်တဲ့စာဆို ပဋိပက္ခဖြစ်နိုင်ဖွယ်ရှိတယ်၊ အဲ့ဒါကို ကျနော်တို့ထောက်ပြတဲ့အချိန်မှာ တိုင်းကလည်းရေးတာ မဟုတ်ဘူးတဲ့၊ အဲ့တာကြောင့် တရားဝင်မဟုတ်ဘူး၊ ဒါကြောင့် ကောလာဟလ တရားမဝင်ဘူးဆိုပြီးတော့ ပယ်ချလိုက်ပြီးဖြစ်တယ်"
ဒီနှစ်အစောပိုင်းက တနိုင်းဒေသမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် အဲ့ဒီဒေသက ချမ်းသာ၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်း စတဲ့ ပယင်းမှော်တွေကို ပိတ်ခဲ့ရတယ်လို့ ဒေသခံတွေကပြော ပါတယ်။