ထိုင်းရောက် မြန်မာလုပ်သားတွေ နေရပ်ပြန်ဖို့ အခက်ကြုံနေရ
2020.05.04
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို တကမ္ဘာလုံး ရင်ဆိုင်နေရချိန်မှာ မြန်မာပြည်ပြန်လာဖို့ ကြိုးစားနေကြတဲ့ ပြည်ပနိုင်ငံအသီးသီးက မြန်မာနိုင်ငံသားတွေထဲမှာ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေလည်း အပါအဝင်ပါပဲ။ သူတို့ကို မြန်မာအစိုးရကလည်း ပြန်လည်လက်ခံဖို့ အဆင်သင့်ပြင်ထားပေမယ့် ထိုင်းနိုင်ငံဘက်က တားဆီး ကန့်သတ်ချက်တွေကြောင့် နေရပ်ပြန်မလာနိုင်ကြသေးဘဲ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဆီရချာမြို့မှာ နေထိုင်တဲ့ ကိုဝင်းကိုနိုင်က မြန်မာပြည် ပြန်ဖို့ဆိုပြီး အလုပ်ကနေ ထွက်ထားတာ တစ်လကျော်နေပြီဖြစ်ပေမယ့် အခုချိန်ထိ ပြန်လို့မရသေးလို့ အခက်အခဲဖြစ်နေပါတယ်။
“ပြန်ဖို့ အလုပ်ထွက်ထားတာလည်း တလကျော်ကျော်ရှိသွားပြီ၊ စားဖို့က ပထမ လစာထုတ်ထားတာ ရှိတေ့ာရှိသေးတယ်၊ တလကျော်ကြာတယ်ဆိုတော့ မကျန်တော့ဘူးလေ၊ တယောက်မှ ငါးရာတစ်ထောင်ဘဲ ကျန်တော့တယ်၊ ဒီရက်ပိုင်းထဲပြန်လို့ရင် ပြန်ချင်တာပေါ့၊ ဘာကြောင့်လည်းဆိုရင် ဒီမှာဆက်နေရင် သုံးဖို့မရှိတော့ဘူး၊ နောက်တလလောက်နေရရင် စားဖို့ကမရှိတော့ဘူး၊ ”
ထိုင်းနိုင်ငံထဲမှာ ခရိုင်တစ်ခုနဲ့ တစ်ခု သွားလာခွင့်ပိတ်ထားတာ၊ အဝေးပြေးကားဂိတ်တွေ ပိတ်ထားတာတွေကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပြန်ဖို့ ခက်ခဲနေတာပါ။
မြန်မာလုပ်သားတွေဟာ နေရပ်ပြန်လာဖို့အတွက် အလုပ်ကနေ နုတ်ထွက်ထားသူတွေ ရှိသလို တချို့ကလည်း ကပ်ရောဂါကြောင့် စက်ရုံ-အလုပ်ရုံတွေ ပိတ်လိုက်တာ၊ လုပ်သားအင်အား လျှော့ချတာတွေကြောင့် အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။
မြန်မာပြည်ပြန်ဖို့ ထိုင်းနိုင်ငံက မြန်မာသံရုံးမှာ စာရင်းပေးထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သောင်းကျော် ရှိနေပေမယ့် မေလ ၁ ရက်နေ့ကစလို့ ဒီနေ့ မေ ၄ရက်နေ့အထိ နေရပ်ပြန်လာသူဟာ ရာဂဏန်းလောက်သာ ရှိပါသေးတယ်။
ပြန်လာသူတွေဟာ မဲဆောက်မှာရှိတဲ့ မြန်မာတွေနဲ့ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား တချို့သာပြန်လာကြတာ များပါတယ်။
မြန်မာအလုပ်သမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံပိတ်သိမ်းတာဖြစ်လို့ အလုပ်ရှင်တွေဆီကနေ အလုပ်ထုတ် နစ်နာကြေး၊ လျော်ကြေးမရသလို ထိုင်းအစိုးရရဲ့ ကူညီထောက်ပံ့မှုလည်း မရကြဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကပြောပါတယ်။
လတ်တလောမှာ မြန်မာနိုင်ငံသားအချင်းချင်း စားသောက်စရာ မျှဝေပေးတာတွေနဲ့ စားနေရတယ်လို့ ပါကျန်ဘူရီခရိုင်မှာ အလုပ်လုပ်နေတဲ့ မောင်ကိုကိုဦးက ပြောပါတယ်။
“ အခက်အခဲကတော့ ရှိတာပေါ့ဗျာ၊ မနေ့ကဆိုရင် အလုပ်သမားချင်း ဆန်လေးဘာလေး ဝေတဲ့လူရှိတယ်၊ အလုပ်မပြုတ်သေးတဲ့လူ ကျနော်တို့ စက်ရုံနှစ်ရုံရှိတာကပ်ရပ်၊ မပြုတ်သေးတဲ့လူတွေက စားဖို့သောက်ဖို့ပေးတယ်၊ ကိုလည်းလောလောဆယ် ရှိတဲ့ပိုက်ဆံလေး မသုံးရဲဘူးပေါ့ဗျာ၊ ဒီတိုင်းလေးဘဲ ခြစ်ချုပ်ချန်ထားရတာပေါ့”
မြန်မာအစိုးရဘက်က ပြန်လည်လက်ခံရေး အဆင့်သင့်ဖြစ်ပေမယ့် ထိုင်းဘက်က အရေးပေါ် ထုတ်ပြန်ထားတဲ့အမိန့်တွေကို သတ်မှတ်ကာလမပြည့်ခင် လျှော့ပေးမယ့် အခြေအနေ မရှိတာတွေ့ဘူးလို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်နေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“ ထိုင်းနိုင်ငံကသူနိုင်ငံရဲ့ အရေးပေါ်ကာလ စည်းမျည်းစည်းကမ်းတွေကို ဖြေလျော့ပေးမယ့် အလားအလာ လုံးဝမမြင်ရပါဘူးခင်ဗျာ၊ အဲအတွက်လည်း ကြီးကြီးမားမား စိတ်မကောင်းပါဘူး၊ နေရပ်ပြန်မယ့် မြန်မာရွေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့မေလ၃၁ရက် အရေးပေါ်ကာလနောက်ပိုင်း ဇွန်လ တစ်ရက်နေ့ကစပြီးမှသာ နေရပ်ပြန်ခြင်းကို ပြုလုပ်သင့်ပါတယ်”
မြန်မာအလုပ်သမားတွေကတော့ ဒီလကုန်အထိ မပြန်ရသေးဘူးဆိုရင် စားသောက်နေထိုင်ဖို့ အကြပ်အတည်းနဲ့ ပိုရင်ဆိုင်ရတော့မယ်လို့ ပြောကြပါတယ်။
မြန်မာအစိုးရက ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ အသေးစိတ် ညှိနှိုင်းနေဆဲပဲလို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးရဲရန်အောင်က ပြောပါတယ်။
“ လောလောဆယ်တော့ ထိုင်းဘက်က ခွင့်ပြုတဲ့စာ မဝင်လာသေးတော့ ကျနော်ဘက်က ဘာမှထုတ်ပြန်ပေးလို့ မရသေးတာပါ ခင်ဗျ၊ အသေးစိတ် စီစဉ်ထားတာတော့ ရှိပါတယ်၊ ကျနော်တို့တွေ ညှိနှိုင်းနေတာလည်း ရှိပါတယ်၊ ပြီးတဲ့အဆင့်တွေလည်း ရောက်နေပြီ၊ သူတို့ဘက်ကနေ ခွင့်ပြုပေးတဲ့စာ မဝင်လာသေးလို့ ဘာမှဆက်လုပ်လို့မရသေးဘူး”
သံရုံးကို စာရင်းပေးထားသူတွေထဲက အလုပ်လက်မဲ့ဖြစ်ပြီး စားသောက်ဖို့ ခက်ခဲနေသူတွေကို အမြန်ဆုံး နေရပ်ပြန်ပို့နိုင်အောင် စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အသီးသီးကနေ ထိုင်းနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ရော သွားရောက် အလုပ်လုပ်ကိုင်နေသူ မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လအတွင်းမှာတော့ မြဝတီနယ်စပ်ဂိတ်ကနေ မြန်မာအလုပ်သမား လေးသောင်းကျော် ဝင်ရောက်ခဲ့ပါတယ်။