နှစ်ပြည့်ကြေးနဲ့ ကျွမ်းကျင်ကြေး တိုးပေးဖို့ အလုပ်သမားတွေ ဆန္ဒပြ
2017.09.08
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၉ ရပ်ကွက်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ လောက်ဟာ လုပ်ငန်းခွင် ကျွမ်းကျင်ကြေး နဲ့ နှစ်ပြည့်ကြေး တိုးမြှင့်သတ်မှတ်ပေးဖို့ အပါအဝင် အချက် ၁၄ ချက်ကို တောင်းဆို ဆန္ဒပြနေကြပါတယ်။
မနေ့က အလုပ်ရှင်နဲ့ဆွေးနွေးရာမှာ အဲဒီအချက် ၁၄ ချက်ထဲက ၁၂ ချက်ကို သဘောတူညီမှု ရခဲ့ပေမယ့် အဓိက အချက် ၂ ချက်ဖြစ်တဲ့ အလုပ်သမားကျွမ်းကျင်ကြေးနဲ့ နှစ်ပြည့်ကြေးတိုးပေးဖို့နဲ့ ပတ်သက်ပြီး ညှိနိုင်းမရသေး တာကြောင့် လာမယ့် တနင်္လာနေ့မှာ ထပ်ပြီး ညှိနိုင်းမှာဖြစ်တယ်လို့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ မသက်ထားဆွေက ပြောပါတယ်။
"တောင်းဆိုချက် ၁၄ ချက်မှာ ၁၂ ချက်က ပြေလည်မှု ရှိပါတယ်။ ညီမတို့အနေနဲ့ အဓိကအချက်ဖြစ်တဲ့ အလုပ်သမားတွေရဲ့ ကျွမ်းကျင်ကြေး၊ နှစ်ပြည့်ကြေး၊ အဲဒီအချက် နှစ်ချက်က ပြေလည်မှုမရှိပါဘူး။ ဘာ့ကြောင့် အဆင်မပြေသေးတာလည်းဆိုတော့ ကျမတို့က ကျွမ်းကျင်ကြးနဲ့ နှစ်ပြည့်ကြေးကို တောင်း ထားတာ၊ နှစ်အလိုက်ကို နှစ်စဉ် နှစ်စဉ်တိုးပေးဖို့ တောင်းထားတာ။ အဲ့ဒါကို သူတို့က လုပ်ငန်းရှင်နဲ့ သူဌေးနဲ့တွေ့ပြီးတော့မှ ညှိနိုင်းပြီးတော့ ပေးမယ်ပေါ့နော်။ စနေ တနင်္ဂနွေ ၂ ရက်မှာ အလုပ်ရှင်နဲ့ ညှိမယ်။ ညှိနိုင်းပြီးတော့မှ ဖြစ်နိုင်တဲ့အတိုင်းတာကို တနင်္လာနေ့မှာ အကြောင်းပြန်မယ်လို့ ပြောလိုက် တယ်ပေါ့နော်။"
အလုပ်သမားတွေဘက်က ကျွမ်းကျင်ကြေးအနေနဲ့ တစ်နှစ်လုပ်သက်ရှိတဲ့သူကို ၁ သောင်း ၆ ထောင်၊ ၂ နှစ် လုပ်သက်ရှိတဲ့ အလုပ်သမားကို ၃ သောင်း ၂ ထောင်၊ ၃ နှစ် လုပ်သက်ရှိသူကို ၄ သောင်း ၈ ထောင်ပေး ဖို့ တောင်းဆိုထားပါတယ်။
နှစ်ပြည့်ကြေးအနေနဲ့လည်း ၁ နှစ်သမားကို ၂ သောင်း၊ ၂ နှစ်လုပ်သက်ရှိသူကို ၄ သောင်း တိုးပေးဖို့ တောင်း ဆိုထားတယ်လို့ သိရပါတယ်။
အလုပ်သမားကျွမ်းကျင်ကြေးနဲ့ နှစ်ပြည့်ကြေးပေးတဲ့ကိစ္စတွေအပြင် အလုပ်သမားတွေ လုပ်ငန်းခွင့်ဝင်တဲ့အခါမှာ အကြောင်းကြောင်းကြောင့် ၁၅ မိနစ်ထက် ပိုနောက်ကျမှသာ လစာထဲကနေ ဖြတ်တောက်ဖို့၊ ရက်မှန်ကြေးဖြတ် တဲ့အခါမှာလည်း ၁၅ ရက်တစ်ကြိမ် ခွဲပြီးဖြတ်ဖို့၊ လစာကိုလည်း ရုံးချိန်အတွင်း ထုတ်ပေးဖို့ စတာတွေကို တောင်း ဆိုနေကြတာဖြစ်ပါတယ်။
ဖုယွင် အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကတည်းက ဆန္ဒပြနေတာဖြစ် ပြီး တောင်းဆိုထားတဲ့ အချက်အားလုံး အဆင်ပြေတဲ့အထိ ဆက်ပြီး ဆန္ဒပြသွားမယ်လို့လည်း ပြောပါတယ်။