ရန်ကုန်နဲ့ မန္တလေး စက်မှုဇုန်တွေမှာ အလုပ်သမားတွေ ဆန္ဒပြ


2014.10.22
sunny-workers-protest-305.jpg ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်(၂)က ဧရာဝတီ ဆန်နီ အထည်ချုပ်စက်ရုံရှေ့မှာ အောက်တိုဘာ ၂၂ ရက်နေ့ က အလုပ်သမားတွေ ဆန္ဒပြကြစဉ်
Photo: Kyaw Lwin Oo, Kyaw Zaw Win/RFA

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ( ၂ ) က ဧရာဝတီ ဆန်နီ အထည်ချုပ်စက်ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမား ၇ဝဝ ကျော်ဟာ လုပ်ခလစာတွက်ချက် တာနဲ့ အချိန်ပိုဆင်းခိုင်းတာကို အလုပ်ရှင်ဖက် က ဖြေရှင်းပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

အလုပ်သမားတွေကို ကြိုတင်သတိပေးတာမရှိဘဲ အလုပ်ထုတ်နေတာတွေနဲ့ အခြေခံလစာအပြင် ချုပ်နိုင်တဲ့ အထည်အရေအတွက်အပေါ် မူတည်ပြီး တွက်ချက်မပေးတော့တဲ့အတွက် ဆန္ဒပြတာလို့ အလုပ်သမတစ်ဦးက ပြောပါတယ်။

"စာချုပ်တွေထဲမှာ ပေးထားတယ်၊ အော်ဒါကို ကျမတို့က ကပ်ကြေးတွေနဲ့ ညှပ်ပစ်လို့ နောက် တစ်ယောက်နဲ့တစ်ယောက် အလုပ်ထဲမှာ အခြေအတင်ရန်ဖြစ်မှ ထုတ်ပိုင်ခွင့်ရှိတယ်၊ အဲ့စည်းကမ်းချက်တွေနဲ့ မကိုက်ညီပဲ အလုပ်ထုတ် တယ်၊ အဲဒီ့ကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြတယ်၊ လစာနဲ့ပတ်သက်လို့ ဆန္ဒပြတယ်၊ နောက်ကျမတို့မှာ နှစ်ကြေးဆိုတာ မရှိဘူး၊ တခြားစက်ရုံတွေမှာ တစ်နှစ်ပြည့်ရင် ၁ဝ ရက် ပျက်ပိုင်ခွင့်ရှိတယ်၊ အဲ့ ၁ဝ ရက် မပျက်ဘူးဆိုရင် နှစ်ကြေး ဆိုတာလာတယ်၊ ကျမတို့ ၃ နှစ်ကျော်ပြီလုပ်လာတာ၊ နှစ်ကြေးဆိုတာမရှိဘူး၊ သြင်္ကန်မှာ ဆုကြေးဆိုတာလည်း မရှိဘူး၊ ဒါပေမဲ့ မပြောပါဘူး၊ အခုဟာက တော်တော်လေးဆိုးလို့ ဆန္ဒပြတာ"

ဆန္ဒပြအလုပ်သမားတွေက အရင်ကလို ချုပ်နိုင်တဲ့ အထည်အရေအတွက်ပေါ်မူတည်ပြီး အထည်ကြေးကို တွက်ချက်ပေးဖို့၊ အပြစ်မရှိပဲ အလုပ်သမားတွေကို အလုပ်မထုတ်ဖို့၊ အလုပ်သမားတွေရဲ့ သဘောထားမပါပဲ အချိန်ပိုမဆင်းခိုင်းဖို့၊ လစာထုတ်ပေးတဲ့အခါ အခြေခံလစာနဲ့ တခြားလုပ်အားခတွေ ဘယ်လောက်ရတယ်ဆိုတာ ခွဲခြားသတ်မှတ်ပေးဖို့ တောင်းဆိုနေကြတာပါ။

ဒီနေ့ အလုပ်ရှင်နဲ့ ညှိနှိုင်းရာမှာ အဆင်ပြေမှု မရသေးဘဲ အလုပ်သမားတွေက ဆက်လက်ဆန္ဒပြမယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၈ဝဝ နီးပါးရှိပြီး အလုပ်သမား ၇ဝဝ ကျော်က ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဒီအတောအတွင်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် (၁) မှာရှိတဲ့ ရွှေသဇင်ဆပ်ပြာစက်ရုံက အလုပ်သမား ၁၀၀ နီးပါးဟာ သတ်မှတ်ထားတဲ့ တာဝန်အတိုင်းပဲ ခိုင်းစေဖို့နဲ့ လုပ်ငန်းခွင်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

သတ်မှတ်ထားတဲ့ တာဝန်အပြင် တခြားအလုပ်တွေပါ ခိုင်းစေခံနေရတယ်လို့ ဆန္ဒပြအလုပ်သမား မထက်ထက်အောင်က ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေ တောင်းဆိုတဲ့အချက် ၁၄ ချက်ထဲမှာ အမျိုးသမီးဝန်ထမ်းတွေကို မနိုင်ဝန်ခိုင်းစေတာ ရပ်တန့်ဖို့၊ လူမှုဖူလုံရေး ခံစားခွင့်တွေပေးဖို့၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်နဲ့ ဆေးခွင့်တွေပေးဖို့စတာတွေ ပါဝင်ပါတယ်။ အဲဒီအချက်အားလုံးကို လိုက်လျောပေးတဲ့အထိ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုမှာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။