စက်ရုံ တစ်လပိတ်ဖို့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှာ ဆန္ဒပြတောင်းဆို

သန့်ဇင်ဦး
2020.04.03

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်မှာရှိတဲ့ စက်ရုံ လေးရုံက အလုပ်သမား ထောင့်ငါးရာခန့်ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဧပြီလတစ်လလုံး စက်ရုံခေတ္တပိတ်ထားဖို့ တောင်းဆိုလိုက်ကြပြီး ဒီကာလမှာ စားဝတ်နေရေး အတွက် လစာပေးထားဖို့အတွက် ဆန္ဒပြနေကြပါတယ်။

ဧပြီလ ၃ ရက် ဒီကနေ့မနက်က စပြီးဆန္ဒပြနေတဲ့ ဘလူးဒိုင်းမွန်း အိတ်စက်ရုံရဲ့ အလုပ်သမားခေါင်းဆောင် ဒေါ်ဇာဇာထွန်းက စားဝတ်နေရေး တွက် လူစုလူဝေးမလုပ်လို့ မရတော့တဲ့ အခြေအနေကြောင့်  အခုလိုတောင်းဆို ရတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်မတို့က သူဌေးနဲ့တွေ့ဖို့တောင်းဆိုမယ်၊ ဒီလေးလပိုင်းတစ်လကို လစာအပြည့်နဲ့ပိတ်ပေးဖို့၊ ဥပဒေပါအခွင့် အရေးတွေ တောင်းဆိုကြပေမယ့် မရတဲ့သူတွေကရှိလို့ အဲဒါတွေပါရဖို့ ဆန္ဒပြရခြင်းဖြစ်တယ်၊ ဒီစက်ရုံကတော့ ဒီနေ့ ဒီနက်ခင်းမှ ဆန္ဒပြကြတာပါ၊ ဒီမှာဆန္ဒပြကြတာဆိုရင် စက်ရုံလေးရုံလောက်တော့ရှိပြီ၊ ကျန်းမာရေးအတွက် ကိုတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ်ဆိုပေမယ့် ကျွန်မတို့အလုပ်သမားတွေက တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ အတွက်လေ အဲဒီကျန်းမာရေးကို စိုးရိမ်တာထက် ဘယ်လိုပြောမလဲ အခုလိုဖြစ်နေတာကို ကြောက်တယ်၊ ဒါပေမဲ့ မဖြစ်မနေမလို့ တောင်းဆိုရတာ"

နေ့လယ်ပိုင်းမှာတော့ စက်ရုံတွေအလိုက် ညှိနှိုင်းဆွေးနွေးဖို့ စီစဉ်ထားပေမယ့် အခွင့်အရေးတွေမရမချင်း တောင်းဆိုမယ်လို့ ဒေါ်ဇာဇာထွန်းက ဆိုပါတယ်။

ဆန္ဒပြအလုပ်သမားအားလုံး တစ်ထောင့်ငါးရာလောက်ရှိပြီး သူတို့တွေရဲ့ ရပိုင်ခွင့်တွေကို မရမချင်း ကူညီပေးသွား မယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် မသက်ထားဆွေ က RFA ကို ဒီကနေ့ ပြောပါတယ်။

"လက်ရှိမှာဆိုရင် ဒဂုံဆိပ်ကမ်းမှာ စက်ရုံလေးရုံက သပိတ်မှောက်တောင်းဆိုနေကြတယ်၊ လေးရုံပေါင်းဆိုရင် အင်အား ၁၅၀၀ နီးပါးရှိတယ်၊ တောင်းဆိုချက်တွေက ဘာတွေလဲဆိုရင် ဒီလေးရုံရဲ့အလုပ်တွေအကုန်လုံးက လေးလပိုင်းတစ်လလုံးကို လုပ်ခလစာပေးပြီးတော့ ယာယီစက်ရုံပိတ်သိမ်းပေးဖို့နဲ့ ဥပဒေပါအခွင့်အရေးတွေကို ပေးဖို့ဆိုပြီးတော့ တောင်းဆိုတိုက်ပွဲဝင်နေကြခြင်းပဲဖြစ်ပါတယ်၊ အလုပ်သမားတွေရဲ့ တောင်းဆိုနေတဲ့ ဒီတောင်း ဆိုချက်တွေကိုရရှိဖို့အတွက်ကို ကျွန်မတို့အဖွဲ့ချုပ်ကနေပြီးတော့ အလုပ်သမားတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ သပိတ်မှောက်နေတဲ့ အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေကို တာဝန်ယူကူညီပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။"


ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဘရိုက်ဘတ်အန်တာပရိုက် ကျောပိုးအိတ်စက်ရုံက အလုပ်သမားတွေက မတ်လ ၃၁ ရက်နေ့ကတည်းက စတင်ဆန္ဒပြနေတာဖြစ်ပါတယ်၊ ရိန်းဟောက်မြန်မာ မိုးကာစက်ရုံ နဲ့ မေရှားမြန်မာ လက်အိတ်စက်ရုံတွေကတော့ ဧပြီလ ၂ ရက်နေ့ မနေ့ကမှ စတင်တာဖြစ်ပြီး ဘလူးဒိုင်းမွန်းအိတ်စက်ရုံကတော့ ဒီနေ့မနက်မှာ စတင်ပြီး ဆန္ဒပြတောင်းဆိုနေကြတာပါ။

ဒီနေ့ ညနေပိုင်းမှာ မေရှားမြန်မာ လက်အိတ်စက်ရုံက ဆန္ဒပြအလုပ်သများတွေနဲ့ အလုပ်ရှင်ညှိနှိုင်းခဲ့ပေမယ့် အလုပ်ရှင်ဘက်က အလုပ်ပိတ်ဖို့မရှိသေးဘဲ ပိတ်ခဲ့ရင်လည်း အစိုးရရုံးပိတ်ရက်တွေကိုပဲ လုပ်ခလစာပေးမယ် ဆိုတာကြောင့် ပြေလည်မှုမရခဲ့ဘူးလို့ မသက်ထားဆွေက ပြောပါတယ်။

ကျန်တဲ့စက်ရုံတွေကတော့ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး ညှိနှိုင်းမှုအခြေအနေအတွက် ဘလူးဒိုင်းမွန်း အိတ်စက်ရုံရဲ့မန်နေဂျာကို RFA ကဆယ်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

တဘက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတာကို အကြောင်းပြပြီး လုပ်ငန်းရှင်တချို့က စက်ရုံပိတ်သိမ်းတာ၊ လုပ်သားအရေအတွက် လျှော့ချတာတွေ လုပ်ဆောင်နေတဲ့အတွက် စက်ရုံလုပ်သား နှစ်သောင်းကျော်ဟာလည်း အလုပ်လက်မဲ့ ဖြစ်နေပါတယ်။

နိုင်ငံတော်သမ္မတရုံးကတော့  အစိုးရဝန်ထမ်းတွေ   ငါးဆယ်ရာခိုင်နှုန်းပဲ ရုံးတက်အလုပ်လုပ်ဖို့နဲ့ ကျန်တဲ့ ဝန်ထမ်းတွေက နေအိမ်တွေကနေ အလုပ်လုပ်ဖို့ မတ်လ ၂၅ ရက်နေ့မှာ ညွန်ကြားချက်ထုတ်ပြန်ထားပါတယ်။ အစိုးရဝန်ထမ်းမဟုတ်သူတွေနဲ့ ပတ်သက်ပြီး ဒီညွန်ကြားချက်မှာ ဖော်ပြမထားပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။