ခင်ဦးမှာ ဝပ်ရှော့လုပ်ကိုင်သူတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

2021.09.12
ခင်ဦးမှာ ဝပ်ရှော့လုပ်ကိုင်သူတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ် ခင်ဦးမြို့နယ်၊ သာဝတ္ထိကျေးရွာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဧပြီ ၁ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စက်တင်ဘာလ ၁၁ ရက် မနေ့က ဝပ်ရှော့လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးတဲ့နောက် သေနတ်နဲ့ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ရပါတယ်။

သေဆုံးသွားတဲ့ အသက် (၃၀) ဝန်းကျင် ကိုထွန်းမြင့်နိုင်ဟာ မနေ့က ဝပ်ရှော့ဆိုင်မှာ အလုပ်လုပ်နေတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့ပြီးနောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ ခင်ဦး ဒေသခံတစ်ယောက်က ပြောပါတယ်။

“သူက နောက်စိမှာ တစ်ချက်၊ နောက်ကျောမှာ တစ်ချက်ထိတယ်။ အလောင်းကို ခင်ဦးရင်ခွဲရုံမှာ သွားယူရတယ်။ သူ့ကို မနေ့က နေ့လယ် ၁ နာရီလောက်မှာ သူတို့က တပင်ကောင်းကို Mytel တာဝါတိုင်သွားကြည့်ကြတာ။ ကား ၃ စီးနဲ့။ သွားကြည့်တဲ့အခါမှာ အဲဒီကားတွေထဲက ကားတစ်စီးက ပြန်လှည့်လာပြီး ဆိုင်ထဲမှာ ဝပ်ရှော့လုပ်နေတဲ့သူ့ကို ဝင်ဖမ်းသွားတာ။ ဖမ်းသွားပြီး စစ်ဆေးပြီး သတ်ပစ်လိုက်တာနေမယ်။ လမ်းမှာတစ်ခါတည်း ပစ်သတ်လိုက်တာနေမယ်“

ခင်ဦးမြို့နယ်အတွင်းက Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ဖြစ်စဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးပြီးအပြန် ကံသစ်ရွာမှာ ဝပ်ရှော့လုပ်ကိုင်နေတဲ့ ကိုထွန်းမြင့် နိုင်ကို ဖမ်းဆီးသွားခဲ့တာပါ။ ဘာကြောင့်ခုလိုဖမ်းဆီးပြီး သတ်ပစ်လိုက်သလဲဆိုတဲ့ အကြောင်းကို မသိရသေး ပါဘူး။

သေဆုံးသွားခဲ့တဲ့ ကိုထွန်းမြင့်နိုင်မှာ အမျိုးသမီးနဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ကလည်း ခင်ဦးမြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးတွေရောင်းတဲ့ ကိုမောင်အေးနဲ့ သူနာပြုဆရာမ မနွဲ့နွဲ့တို့ ဇနီးမောင်နှံတို့ ဆိုင်ကယ်နဲ့သွားနေစဉ် စစ်ကောင်စီ တပ်သားတွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။