ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ ကျင်းပ
2018.12.04

မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရသူ ၂၀၁၇ ခုနှစ်မှာ တစ်သောင်းတစ်ထောင်ကျော်ရှိပြီး ကချင်ပြည်နယ်ထဲမှာပဲ တစ်နိုင်ငံလုံးရဲ့ ၁၈ ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိရတယ်လို့ ခု/ခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် (နေပြည်တော်) စီမံချက် မန်နေဂျာ ဒေါက်တာ ထွန်းညွှန့်ဦးက ပြောပါတယ်။
HIV အသစ်ကူးစက်ခံရသူ ၇၀ ရာခိုင်နှုန်းဟာ လိင်ဆက်ဆံမှုတွေကြောင့် ဖြစ်တယ်လို့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နေပြည်တော် စီမံချက် မန်နေဂျာ ဒေါက်တာ ထွန်းညွန့်ဦးက ပြောပါတယ်။
၂၀၁၁ ခုနှစ်မှာ HIV ကူးစက်ခံရသူ နှစ်သိန်းကျော် ရှိတဲ့အနက် လူနာ လေးသောင်းခန့်သာ ကျန်းမာရေးဌာနက ART ဆေးနဲ့ ကုသပေးနိုင်ခဲ့ပြီး ၂၀၁၈ ဇွန်လကုန်ထိ တစ်သိန်းငါးသောင်းကျော်ကို ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါး ပူးတွဲလူနာတွေထဲမှာ HIV ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေပြီး အထူးသဖြင့် ကချင်ပြည်နယ်မှာ ပိုများနေတယ်လို့ ဗြိတိန် သံအမတ်ကလည်း ပြောခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့၊ အမေရိကန်နဲ့ ဗြိတိန်သံရုံးက သံအမတ်တွေ နဲ့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။