ပျက်စီးမှုနာလန်ထူရေး ကမ္ဘာ့ဘဏ်က သန်း ၂ဝဝ ချေးမယ်
2016.07.15

မနှစ်က ရေကြီးရေလျှံပြီး မြေပြိုတဲ့အတွက် ပျက်စီးဆုံးရှုံးခဲ့ရတာတွေ နာလှန်ပြန်ထူရေး လုပ်ငန်းတွေ ဆောင်ရွက် ဖို့ မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ချေးဖို့ ကမ္ဘာ့ဘဏ် ဒါရိုက်တာဘုတ်အဖွဲ့က မနေ့က ခွင့်ပြု လိုက်ပါတယ်။
ဒီအကြောင်း ရန်ကုန်အခြေစိုက် ကမ္ဘာဘဏ်ရုံး သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးလင်းက ပြောပြ ပါတယ်။
"စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရယ်၊ နောက် ဆောက်လုပ်ရေးဝန်ကြီးဌာနရယ် စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဦးစီးဌာန ၃ ခုကနေပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ပါတယ်၊ လမ်းတွေပြန်ပြီးတော့ ပြင်ဖို့အတွက်ပေါ့နော်၊ နောက်တစ်ခုက သဘာဝဘေးဒဏ် ကို ခံနိုင်ရည်ရှိတဲ့ ဒီဇိုင်းမျိုးတွေဖြစ်အောင်လို့ လုပ်ဆောင်သွားဖို့ရှိပါတယ်၊ နောက်ပြီးတော့ သဘာ ဝဘေးဒဏ်ခံစားနေရတဲ့ တောင်သူလယ်သမားတွေ၊ ဒေသခံတွေ အသက်မွေးဝမ်းကြောင်း ပြန်လည် ထူထောင်ဖို့ပါ"
သဘာဝဘေးဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းဒေသကြီးတွေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဒီချေးငွေသုံးပါမယ်။
ဒီချေးငွေနဲ့ တောင်သူလယ်သမားတွေနဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေ ဘဝပြန်ထူထောင်ဖို့နဲ့ နောင်မှာ ခုလို သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာရင် အထိအခိုက် အဆုံးအရှုံး နည်းပါးစေဖို့ ပံ့ပိုးကူညီမယ်လို့လည်း ပြော ပါတယ်။
မနှစ်က ဇူလိုင်နဲ့ စက်တင်ဘာလမှာ ကျရောက်ခဲ့တဲ့ သဘာဝဘေးဒဏ်ကြောင့် လူ တစ်သန်းခွဲကျော်လောက် နေ ရပ်ရွှေ့ပြောင်းခဲ့ရပြီး ၁၃၂ ယောက် သေဆုံးခဲ့ရတယ်လို့ ကမ္ဘာ့ဘဏ် ကြေညာချက်မှာ ပါရှိပါတယ်။