မြန်မာ့စီးပွားရေးလုပ်ငန်း ထက်ဝက်နီးပါး ယာယီရပ်နားထားရ

2021.10.12
မြန်မာ့စီးပွားရေးလုပ်ငန်း ထက်ဝက်နီးပါး ယာယီရပ်နားထားရ ရန်ကုန်မြို့က အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ချို့ကို ၂၀၂၀ မေ ၈ ရက်နေ့က တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံမှာ အချိန်ရှစ်လတာကာလအတွင်း စီးပွားရေးလုပ်ငန်းပေါင်း ၅၀၀ မှာ ၄၄ ရာခိုင်နှုန်းအထိ ယာယီရပ်နားထားရတယ်လို့ ကမ္ဘာ့ဘဏ် (World Bank) က အောက်တိုဘာလ ၁၂ ရက် ဒီနေ့ ထုတ်ပြန် ပါတယ်။

ဒီစစ်တမ်းဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ အခြေအနေကို ဆန်းစစ်ထားတာဖြစ်ပြီး ကိုဗစ် - ၁၉ ကပ်ရောဂါ သက်ရောက်မှု (၈) ကြိမ်မြောက် ဆန်းစစ်လေ့လာချက်လို့ နာမည်ပေးထားပါတယ်။

အများဆုံး ယာယီပိတ်သိမ်းခဲ့ရတဲ့ လုပ်ငန်းတွေကတော့ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ လက်လီလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွေဖြစ်ပြီး အဲဒီအထဲမှာ ဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေက အများဆုံး ဖြစ်နေပါတယ်။

ကမ္ဘာ့ဘဏ် စစ်တမ်းကောက်ထားတဲ့အရေအတွက်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးရဲ့ ၂၈ ရာခိုင်နှုန်းဖြစ်ပြီး အဲဒီလုပ်ငန်းတွေဟာ ဒီဂျစ်တယ် (Digital) ငွေကြေးဝန်ဆောင်မှုကို အသုံးပြုကြတယ် လို့လည်း ပါရှိပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ နောက်သုံးလအတွင်း တိုးတက်မှုမရှိခဲ့ရင် စစ်တမ်းကောက်ယူထားတဲ့ စီးပွားရေးလုပ်ငန်း အခု ၅၀၀ ထဲက ၈ ရာခိုင်နှုန်းဟာ လုံးဝပိတ်သိမ်းရမယ့် အခြေအနေနဲ့ ကြုံရနိုင်ပြီး ၁၉ ရာခိုင်နှုန်းသော လုပ်ငန်းတွေက ဝန်ထမ်းလျော့ချတာနဲ့ ၁၄ ရာခိုင်နှုန်းကတော့ လုပ်ခလစာ လျော့ချတာတွေ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။