ကမ္ဘာ့ဖလားဆုကြီး ရန်ကုန်မြို့ကို ရောက်ရှိ
2013.12.25

နိုင်ငံပေါင်း ၅၀ ကျော်ကို လှည့်လည်ပြသနေတဲ့ FIFA ကမ္ဘာ့ဖလားဆုကြီးဟာ ဒီနေ့ ရန်ကုန်မြို့ကို ရောက်ရှိ လာပါတယ်။
ကမ္ဘာ့ဘောလုံးလောကမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ကမ္ဘာ့ဖလားဆုကြီး မြန်မာနိုင်ငံကို ရောက်ရှိ လာတာဟာ မြန်မာနိုင်ငံသားတွေကို ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ဘောလုံးပရိတ်သတ်တွေနဲ့ ဆက်သွယ်ပေးတာဖြစ်တယ်လို့ Coca-Cola Myanmar ရဲ့ Managing Director Rehan Khan က ဒီနေ့ ညနေပိုင်းကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ တတိယဆုရရှိခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းက ကစားသမားတွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒီကမ္ဘာ့ဖလားဆုကြီးကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာထားရှိပြီး မနက်ဖြန်မှာ ပရိတ်သတ်ပေါင်း တစ်သိန်းခြောက်သောင်းကျော်ကို မနက် ၁၀ နာရီကနေ ည ၁၀ နာရီထိ ကြည့်ရှုခွင့်ပေးသွားမယ်လို့ သိရပါတယ်။