သတင်းလွတ်လပ်ခွင့် ပိုရရှိဖို့ ကုလ တိုက်တွန်း
2019.05.04

ကုလသမဂ္ဂ လွတ်လပ်စွာ ဆန္ဒသဘောထား ဖော်ထုတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye ဒေးဗစ်ကေး က မေလ ၃ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ အောင်ပွဲခံ အခမ်းအနားတွေ ကျင်းပရုံမျှဖြင့် ကျေနပ်မနေကြဘဲ ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့် ပိုမိုရရှိအောင် ကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးကလာတဲ့ ကြေညာချက်မှာ ပြီးခဲ့တဲ့ နှစ်အတွင်း ကမ္ဘာအနှံ့အပြားရှိ အမှန်တရားကို ကြောက်ရွံ့တဲ့ အစိုးရတွေက သတင်းသမားတွေကို ဖိနှိပ်ခဲ့ပုံတွေကို ဥပမာပြပြီး ပြောဆိုရာမှာ မြန်မာပြည်မှာ ရိုက်တာသတင်းထောက် ၂ ဦးအပေါ် အရေးယူ အပြစ်ပေးခဲ့ပုံကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ကမ္ဘာ့နိုင်ငံတွေအနေနဲ့ သတင်းသမားတွေနဲ့ မီဒီယာတွေရဲ့ လွတ်လပ်ခွင့်တွေကို အာမခံရေးအတွက် စကားလုံး လှလှတွေ ပြောဆိုပြီး ဆုံးဖြတ်ချက်တွေ ထုတ်ပြန်ကြေညာနေကြတာထက် ပိုမိုခိုင်မာစွာ လက်တွေ့ကျကျ အမြန်ဆုံးဆောင်ရွက်ကြပါလို့လည်း ကုလ အထူးကိုယ်စားလှယ် ဒေးဗစ်ကေး က ပြောကြားလိုက်ပါတယ်။