၂၀၂၁ မှာ သတင်းသမားအကျဉ်းချခံရမှု စံချိန်တင်၊ မြန်မာ ဒုတိယအများဆုံးဖြစ်

2021.12.09
၂၀၂၁ မှာ သတင်းသမားအကျဉ်းချခံရမှု စံချိန်တင်၊ မြန်မာ ဒုတိယအများဆုံးဖြစ် ရန်ကုန်မြို့ မြေနီကုန်းမှာ ၂၀၂၁ ဖေဖော်ဝါရီလက ဆန္ဒပြပွဲ သတင်းယူနေသူတွေကို တွေ့ရစဥ်
Photo: RFA

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ သတင်းသမား ၂၉၃ ယောက် စံချိန်တင် အကျဉ်းချခံခဲ့ရပြီး အဲဒီထဲက လေးပုံတစ်ပုံဟာ တရုတ်နဲ့ မြန်မာနိုင်ငံက သတင်းသမားတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဒီနေ့ ပြောလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံအစိုးရလက်ထက်မှာ ဖမ်းဆီးခံ စာနယ်ဇင်းသမား တစ်ဦးတစ်ယောက်မှ မရှိခဲ့ရာက၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ထောင်ချတဲ့နေရာမှာ ကမ္ဘာတစ်ဝန်းမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယမြောက် ထောင်အချဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ CPJ ရဲ့စာရင်းအရ မြန်မာနိုင်ငံမှာ အကျဉ်းချခံထားရတဲ့ သတင်းသမား အနည်းဆုံး ၂၆ ယောက် ရှိနေပါတယ်။ အာဏာသိမ်းစစ်ကောင်စီက သတင်းသမားအများအပြားကို ဖမ်းဆီးခဲ့ရာမှာ အများစုက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်တဲ့ သတင်းမှားဖြန့်ဝေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံကြ ရပါတယ်။ ဒီမိုကရေစီရေး၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုသတင်းတွေ ယူနေစဉ်မှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ကြရတာ ဖြစ်ပြီး၊ လအတော်ကြာမှ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်း အုပ်ချုပ်မှုအယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster လည်း ပါဝင်ပြီး၊ ရာဇဝတ်မှုပုဒ်မ သုံးခုနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရပြီး ခြောက်လနီးပါးကြာမှ ပြန်လွတ်လာခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အကျဉ်းချခံထားရတဲ့ စာနယ်ဇင်းသမား အရေအတွက်ဟာ CPJ ရဲ့ စာရင်းထက် ပိုမိုများပြားပါတယ်။ အဲဒီထဲမှာ စာနယ်ဇင်းသမားဟောင်းတွေလည်း ပါဝင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။ ရွေးကောက်ခံအစိုးရ လက်ထက်မှာလည်း စာနယ်ဇင်းသမားတွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ အနှောက်အယှက်တွေ၊ တရားစွဲဆို ခံရတာတွေနဲ့ ရင်ဆိုင်ရတာတွေရှိကြောင်း၊ ဒါပေမဲ့ အနည်းဆုံးတော့ လွတ်လပ်တဲ့ သတင်းမီဒီယာ အဖြစ် လုပ်ကိုင်ခွင့်ရကြောင်းလည်း CPJ က ဖော်ပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ သတင်းထောက်တွေ၊ အယ်ဒီတာတွေ ပြေးလွှားပုန်းအောင်းရင်း သတင်းအလုပ် လုပ်နေကြရသလို၊ တချို့ သတင်းထောက်တွေက အမည်မဖော်ဘဲ သတင်းတွေ တင်ပြနေကြရ တာပါ။ သတင်းသမားအများစုဟာ အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယနိုင်ငံကို ထွက်ခွာပြီး ပြည်တွင်းအတွက် သတင်းအလုပ်တွေဆက်လက် လုပ်ကိုင်နေကြရတယ်လို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ပြောပါတယ်။

ကမ္ဘာတစ်ဝန်း အကျဉ်းကျခံနေရတဲ့ သတင်းသမားအရေအတွက်ကို CPJ က စာရင်းကောက်ယူခဲ့တာ ဒီနှစ်နဲ့ဆိုရင် ခြောက်နှစ်မြောက် ဖြစ်ပါတယ်။ CPJ ရဲ့ စာရင်းအရ တရုတ်ပြည်မှာ အကျဉ်းကျနေတဲ့ သတင်းသမား ၅၀၊ မြန်မာပြည်မှာ ၂၆ ဦး၊ အီဂျစ်မှာ ၂၅ ဦး၊ ဗီယက်နမ်မှာ ၂၃ ဦး၊ ဘဲလားရုစ်မှာ ၁၉ ဦး ရှိနေပြီး၊ ဆော်ဒီအာရေဗျ၊ အီရန်၊ တူရကီ၊ ရုရှား၊ အီသီယိုးပီးယား နဲ့ အီရစ်ထရီးယား နိုင်ငံတွေပါ ပေါင်းရင်၊ ဒီဇင်ဘာလ ၁ ရက်နေ့အထိ အကျဉ်းကျသတင်းသမား စုစုပေါင်း ၂၉၃ ဦး ရှိပါတယ်။ မနှစ်က ၂၈၀ ရှိခဲ့တာပါ။ သတင်းထောက်တွေ သတင်းရေးလို့ ထောင်ချခံရတာဟာ အာဏာရှင်အစိုးရတွေရဲ့ ထင်ရှားတဲ့ပြယုဂ် ဖြစ်ကြောင်း CPJ ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Joel Simon က ပြောပါတယ်။

သတင်းထောက်တွေ အသတ်ခံရ၊ ဆင်ဆာဖြတ်တောက်ခံရ၊ အကြမ်းဖက် တိုက်ခိုက်ခံရ၊ ခြိမ်းခြောက်ခံရတာ တွေအပေါ် CPJ က ရှုတ်ချလာခဲ့တာ နှစ်ပေါင်း ၄၀ ရှိ‌ပြီ ဖြစ်ပါတယ်။ သတင်းမီဒီယာနဲ့ သတင်းသမားတွေ တနှစ်ပြီးတနှစ် ရင်ဆိုင်နေကြရတဲ့ အခြေအနေတွေ၊ အဲဒီအခြေအနေတွေနဲ့ ‌ကြုံနေရတဲ့ နိုင်ငံတွေ အရေအတွက်များလာနေတာကလည်း စိတ်မကောင်းဖွယ်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနဲ့ အီသီယိုးပီးယား နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့်ကို တင်းတင်ကြပ်ကြပ် ပိတ်ပင်ထားတာဟာ စိုးရိမ် ထိတ်လန့်ဖွယ်ကောင်းလှကြောင်း CPJ ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးက ပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဒီနှစ်အတွင်း အသတ်ခံရတဲ့ သတင်းထောက် ၂၄ ဦး ရှိခဲ့ပါတယ်။ ကမ္ဘာ့အနောက်ခြမ်းမှာ သတင်းထောက်တွေ အသတ်အခံရဆုံး နိုင်ငံက မက္ကဆီကို ဖြစ်နေဆဲပါ။ မက္ကဆီကိုမှာ ဒီနှစ်အတွင်း သတင်းထောက် သုံးဦး အသတ်ခံခဲ့ရပြီး၊ စုံစမ်းဆဲအမှု ၆ မှု ရှိပါတယ်။ အိန္ဒိယကလည်း စာရင်းရဲ့ထိပ်ပိုင်းမှာ ရှိနေပြီး၊ ဒီနှစ်အတွင်း သတင်းသမား ၄ ဦး အသတ်ခံခဲ့ရပါတယ်။

အကျဉ်းကျခံနေရတဲ့ သတင်းသမားအရေအတွက် များပြားလာနေတာဟာ ကမ္ဘာတစ်ဝန်း လွတ်လပ်စွာ သတင်းဖော်ပြခွင့်အပေါ် အန္တရာယ်ကျရောက်လာမယ့် အခြေအနေဖြစ်နေပြီလို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။