ဝမ်းတွင်း NLD ပါတီရုံး ဖောက်ခွဲဖျက်ဆီးခံရ

2021.11.12
ဝမ်းတွင်း NLD ပါတီရုံး ဖောက်ခွဲဖျက်ဆီးခံရ ဗုံးခွဲခံရတဲ့ ဝမ်းတွင်းမြို့က NLD ရုံးကို ၂၀၂၁ နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ရစဥ်
Photo: CJ
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကို နိုဝင်ဘာလ ၁၁ ရက် မနေ့ ညပိုင်းမှာ ဗုံးဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဝမ်းတွင်းမြို့နယ်က ဒေသခံတွေက ပြောပါတယ်။
 
မနေ့ည ၁၂ နာရီကျော်မှာ ဖျက်ဆီးခံရတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝမ်းတွင်းမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
 
“ဗုံးနဲ့လာပစ်တော့ စစ်ကားတွေနဲ့လာတာ၊ ဗုံးကွဲတာပြင်းချက်က မြေကြီးတွေပါ တုန်သွားတယ်။ ရုံးက တော့ တော်တော်ပျက်စီးသွားတယ်။ ဒီကနေ့မှာလည်း ဝမ်းတွင်းတမြို့လုံး လုံခြုံရေးတင်းကျပ်နေတယ်။ မနေ့က တစ်ရက်တည်း ဝမ်းတွင်းက မြို့မိ၊ မြို့ဖတစ်ယောက်ရဲ့ အိမ်လည်း ဗုံးနဲ့ထုခံရတယ်။ ကားပျက်စီး သွားတယ်”
 
စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစတင်ပြီး ဝမ်းတွင်း NLD ရုံးဟာ ချိတ်ပိတ်ခံထားရတဲ့ရုံးဖြစ်တယ်လို့ ဆိုပါတယ်။
 
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေနဲ့ ရုံးတွေ ဖျက်ဆီးခံရတာတွေ မကြာခဏဖြစ်ပွားနေတာပါ။
 
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အောက်တိုဘာလကုန်အထိ NLD ပါတီရုံးတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၄၄ ကြိမ်အထိရှိခဲ့တယ်လို့ ပါတီဗဟိုကော်မတီဝင်တစ်ဦးက RFA ကို ပြောဆိုထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။