ကျပ်ငွေ ၁၄၇၅၀ သိန်း ဖိုး စိတ်ကြွဆေးပြား ဖမ်းမိ
2014.06.15

ထိုင်းမြန်မာနယ်စပ် မြို့တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ ပိုင်း တာချီလိတ်မြို့မှာ မြန်မာကျပ်ငွေ ကျပ်သိန်းပေါင်း တစ်သောင်းခွဲတန်ဖိုးရှိတဲ့ မူးယစ်စိတ်ကြွဆေးပြား အလုံးရေ ၆ သိန်း နီးပါးကို မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့က ဇွန်လ ၁၃ ရက်နေ့က ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့နယ်က မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့စု ၃၀ က ရဲအုပ် စိုင်းနော်ဟိန်း ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ကနေပြီး ဝှေလေယန်းကျေး ရွာဘက်ကနေ ဝမ်ပုံကျေးရွာဖက်ကို မောင်းနင်လာတဲ့ ကားတစ်စီးကို စစ်ဆေးရှာဖွေခဲ့ရာက ဖမ်းမိခဲ့တာဖြစ် တယ်လို့ မူးယစ်ရဲတပ်ဖွဲ့က ဒုရဲအုပ် အောင်ကျော်စိုးက RFA ကို အခုလို ပြောပါတယ်။
“ဟောင်လိတ်ကနေပြီးတော့ ပါခုတ်စစ်ဆေးရေးဂိတ် မှာ အဲ့ဒီအစ်ဇူးကား နှစ်ခန်းတွဲကားတစ်စီးကနေ ဖြစ်လာတဲ့အချိန်မှာ ဒို့ဆီကလည်း သတင်းရထားတဲ့ အခါကြတော့ ပူးပေါင်းအဖွဲ့နဲ့ ငါတို့ဆီက မူးယစ်တပ်ဖွဲ့စု ၃၀ ကနေပြီးတော့ စစ်ဆေးလိုက်တဲ့အခါမှာ ဆေးပြား ငါးသိန်းကိုးသောင်းမိတယ်ပေါ့၊ မိတာကတော့ အနောက်ခန်းရဲ့ အောက်မှာ ခုံအောက်မှာ ဖွက်ထားတာ။”
မူးယစ်စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာသူဟာ တာချီလိတ်မြို့နယ် မိုင်းဖုန်း (က) အုပ်စုက ဝမ်တုံကျေးရွာမှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် အိုက်မွန်းဆိုတဲ့ ရှမ်းလူမျိုးဖြစ်ပြီး သူ့ကို မူးယစ်ပုဒ်မ ၁၅/၁၉ (က)အရ တာချီလိတ်မြို့မရဲစခန်းမှာ အရေးယူထားတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိမှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သန်းဂဏန်းအထိ ဖမ်းဆီးရမိမှုရှိခဲ့ပြီး အခုနှစ် ၂၀၁၄ ခုနှစ် အတွင်းမှာတော့ မူးယစ်စိတ်ကြွဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အခုတစ်ကြိမ်ဟာ အများဆုံးဖမ်းဆီးရမိတာ ဖြစ်တယ်လို့လည်း ဒုရဲအုပ် အောင်ကျော်စိုးက ပြောပါတယ်။
“ဒီ ၂၀၁၄ ခုနှစ်မှာ ဆိုလို့ရှိုရင်တော့ အားလုံးပေါင်း ၁၀ သိန်းကျော်လောက်တော့ရှိမယ်လို့ ခန့်မှန်းရတာပေါ့ ဒီမှာကတော့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်မြင့်ပြီးတော့ ဆောင်ရွက်နေတဲ့အခါကြတော့ ဒီမှာလည်းဖမ်းဆီးရမိမှုကတော့ အရင်နှစ်တွေထက်စာရင်တော့ ပိုပြီးတော့ များလာတာပေါ့၊ များလာတယ်ဆိုပေမယ့် အရေအတွက်တော့ နည်းတာပေါ့ အခုမှ ဒါကတော့ ငါးသိန်းကိုးသောင်းကျော်ဆိုတော့ အခုမှတခါအကြီးကြီးမိတာပေါ့၊ အရင်လတွေတုန်းကတော့ ဒီနှစ်ထဲမှာ တစ်သိန်းကျော်တစ်ခါရှိတယ် တစ်သိန်းခြောက်သောင်းတစ်ခါရှိတယ်၊ ဒါကတော့ အများဆုံးပေါ့။”
ထိုင်း မြန်မာ နယ်စပ်မြို့တွေမှာလည်း မြန်မာနိုင်ငံဖက်ခြမ်းကနေပြီး ထိုင်းနိုင်ငံထဲ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပြီး မြန်မာနိုင်ငံဖက်ကလာတဲ့ စိတ်ကြွဆေးပြားတွေ သိန်းနဲ့ချီပြီး မကြာခဏ ဖမ်းဆီးရမိနေတယ်လို့လည်း ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။