တပ်မတော်လေယာဉ် ပျက်ကျမှု ဝမ်းနည်းကြောင်းအဆိုကို မှတ် တမ်းတင်


2017.06.09
parliament-y-8-620.jpg တပ်မတော်လေယာဉ် Y-8 ပျက်ကျရာမှာ သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ ဇွန်လ ၉ မှတ်တမ်းတင်ခဲ့ပြီး လွှတ်တော်ခန်းမအတွင်းမှာ ၂ မိနစ် မတ်တပ်ရပ်ငြိမ်သက် မေတ္တာပို့ခဲ့ကြစဉ်
Photo: Win Naung Toe/RFA

တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ် Y - 8 ပျက်ကျရာမှာ သေဆုံးခဲ့တဲ့ စစ်သည်တွေနဲ့ မိသားစုဝင်တွေ အတွက် ဝမ်းနည်းကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ မှတ်တမ်းတင်လိုက်ပါတယ်။

လေယာဉ် ပျက်ကျခဲ့တဲ့အတွက် သေဆုံးသွားသူများ၊ ပျောက်ဆုံးနေတဲ့ မိသားစုများ ၊ ဆွေမျိုးများ နဲ့အတူ ထပ်တူ ထပ်မျှပူဆွေးဝမ်းနည်း ကြေကွဲရပါကြောင်းအဆိုကို ပြည်ကြီးတံခွန်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက တင်သွင်းခဲ့တာပါ။

"အဆိုပါ တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် မတော်တဆဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသွားသူ များနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုများအား ဆွေမျိုးများအား မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်ကြေကွဲရပါကြောင်း"

နိုင်ငံတကာခေါင်းဆောင်တွေနဲ့ သံရုံးအသီးသီးကလည်း တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျတဲ့အ တွက် ဝမ်းနည်းကြောင်းထုတ်ပြန်ထားကြတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကလည်း ဝမ်းနည်းကြောင်းအဆိုကို အတည်ပြုပေးဖို့ မင်းကင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် ထောက်ခံသွားပါတယ်။

အဲဒီအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်လိုက်တဲ့အပြင် လွှတ်တော်ခန်းမအတွင်းမှာ ၂ မိနစ် မတ်တပ်ရပ်ငြိမ်သက်ပြီး မေတ္တာပို့ခဲ့ကြပါတယ်။

တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် Y - 8 ဟာ စစ်သည်မိသားစု ၁ဝ၈ ဦး၊လေယာဉ်အမှု ထမ်း ၁၄ ဦး စုစုပေါင်း ၁၁၂ ဦးနဲ့ ကုန်တန်ချိန် ၂.၄ တန် တင်ဆောင်ပြီး မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ဇွန်လ ၇ ရက်နေ့ နေ့လည် ပိုင်းက ပျံသန်းစဉ် ထားဝယ်မြို့ရဲ့ အနောက်တောင်ဘက် ၄၃ မိုင်ခန့် အကွာမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

မနေ့က ည ၇ နာရီအထိ အမျိုးသားရုပ်အလောင်း ၂ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၁ လောင်း ကလေးရုပ် အလောင်း ၈ လောင်း စုစုပေါင်း ၃၁ လောင်းနဲ့ လေယာဉ်ဘီးတစ်လုံး၊အသက်ကယ်အင်္ကျီ တွေနဲ့ ပစ္စည်းထည့်တဲ့ အိတ်အချို့ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။