စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ရေမြက်ရွာမှာ မီးလောင်
စစ်တပ်က လေကြောင်းကနေ တိုက်တိုက်တာခံခဲ့ရပြီး ရွာထဲမှာ တပ်စွဲခံထားရတဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမြက်ရွာမှာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းက ရွာထဲကနေအိမ်တွေ မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေမြက်ရွာထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်ကတည်းက ရွာသားတွေ တစ်ယောက်မှ မနေရဲဘဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့မနက် ဆယ်နာရီလောက်မှာ ရွာဘက်က မီးညွန့်ကိုမြင်ရတာ။ လက်ရှိအချိန်မှာ မီးလောင်နေတယ်။ ဒီနေ့မှာက ရွာထဲမှာ စစ်တပ်ကလွဲလို့ တခြားသူ ဘယ်သူမှ မရှိတော့ဘူး။ ညကလည်း ဘေးရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေရှိတယ်”
မီးထဲပါသွားတဲ့ အိမ်အရေအတွက် ဘယ်လောက်ရှိမလဲဆိုတာ ရွာထဲကိုမဝင်ရဲလို့ အတိအကျ မသိနိုင်သေး ဘူးလို့လည်း ပြောပါတယ်။
ရွာထဲကနေ ပတ်ဝန်းကျင်ရွာတွေဆီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ရေမြက်ရွာ အပါအဝင် ဂွက်ရွာ၊ ခေါစပ်ကုန်း၊ နတ်ကြီးကုန်း၊ ဥယျာဉ်၊ ရွှေကျင်မှော် စတဲ့ ရွာတွေက ရွာလုံးကျွတ် ထွက်ပြေးနေရလို့ စုစုပေါင်း လူ ၃၀၀၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။
ရွာထဲစစ်ကောင်စီတပ်တွေ ဝင်စီးရာမှာ ဒေါ်သန်းမိုး၊ ဒေါ်စန္ဒာနဲ့ နောက်ထပ် အမျိုးသားတစ်ယောက်တို့ စစ်ကောင်စီတပ်သားတွေ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီရဲ့ ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာတော့ ရေမြက်ရွာကိုရောက်နေတဲ့ KIA အဖွဲ့၊ NLD ပါတီဝင်တွေနဲ့ PDF တွေ အင်အား ၁၀၀ လောက်က အစည်းအဝေးလုပ်နေချိန် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လေးယောက်ကို အသေဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။