ရေလယ်ကျွန်းတိုက်ပွဲအပြီး အမျိုးသမီးတစ်ဦး အသတ်ခံရ၊ ဒေသခံတွေ ထွက်ပြေးနေရဆဲ
2023.10.15

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ နွယ်နီရွာမှာ အောက်တိုဘာလ ၁၃ ရက်က ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပြီးနောက် အဲဒီရွာက အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရတယ်လို့ ရေလယ်ကျွန်းဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၅ ရက် ဒီနေ့မနက်ပိုင်းမှာလည်း နန်းဦးရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့နေပြီး ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
နွယ်နီရွာမှာ သေဆုံးသူဟာ အသက် ၅၀ ကျော်အရွယ် ဒေါ်သီသီမာဖြစ်ပြီး ရွာထဲမှာပဲ ဖမ်းဆီးသတ်ဖြတ် ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေလယ်ကျွန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နွယ်နီရွာနားမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်သွားသေးတယ်။ ပစ်ကြခတ်ကြတာပေါ့။ အဲဒါလည်းပြီးရော နွယ်နီရွာထဲကို ဝင်ပြီး ဒေါ်သီသီမာကို သတ်သွားတာ။ ဗိုက်မှာ သေနတ်ဒဏ်ရာတွေ့ပါတယ်”
အင်အားသုံးရာခန့်ပါ စစ်ကြောင်းသုံးခုဟာ ဧရာဝတီမြစ်အစပ် ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသကို အောက်တိုဘာလ ၁၂ ရက်ကနေ ၁၅ ရက် ဒီကနေ့အထိ စစ်ကြောင်းထိုးနေပြီး ရွာတွေထဲ စီးနင်းနေတာကြောင့် ဒေသခံတစ်သောင်းကျော်လည်း ထွက်ပြေးနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေရပ်စွန့်ခွာလာရတာ သုံးရက်ရှိလာပြီဖြစ်တာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ရေလယ်ကျွန်းဒေသက နန်းဦး၊ မြေတော်နဲ့ ရွာသစ် သုံးရွာကို စစ်ကောင်စီတပ်တွေ အဓိကစစ်ကြောင်းထိုးနေပြီး နှစ်ဖက်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ရေလယ်ကျွန်းဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မန္တလေးတိုင်း မြင်းခြံဘက်ကနေလည်း စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုက ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာဖို့ ရှိတာကြောင့် ရေလယ်ကျွန်းဒေသမှာ စစ်ရေးအခြေအနေတင်းမာနိုင်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကစလို့ နိုင်ငံတစ်ဝန်း သေဆုံးတဲ့ အရပ်သား ၄၁၄၆ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။