USDP ကိုယ်စားလှယ် နှစ်ဦး ကို ကော်မရှင်က ဖယ်ရှား
2016.11.17

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်နဲ့ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် တို့ နှစ်ဦးကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က တရားမဲ့ပြုကျင့်မှုနဲ့ ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်လိုက်ပြီး NLD ပါတီက ကိုယ်စားလှယ် နှစ်ဦးကို အစားထိုးခန့်အပ်လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ဒီနေ့ အပြီးသတ်အမိန့်ချရာမှာ အခုလိုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း (မိထ္တီလာ) က ပြောပါတယ်။
"၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ Campaign ကာလမှာ ဦးကိုကိုနိုင်နဲ့ ဦးကျော်မြင့် တို့ဟာ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ ပုဒ်မ၆၆၊ ၆၇ မှာ ပြဌာန်းထားတဲ့ တရားမဲ့ပြုကျင့်မှုတွေ ပြုကျင့်တယ်။ သူတို့နှစ်ယောက်ကို ကန့်ကွက်တာ မူလရုံးမှာ NLD ဘက်က နှစ်ယောက်လုံးရှုံးတယ်။ အဲ့ဒါကြောင့်မိုလို့ အယူခံရုံးကို ဆက်အယူခံ တက်တဲ့အခါ ဒီနေ့ အပြီးသတ်အမိန့်ချရာမှာတော့ အောက်ရုံးအမိန့်ကို ပယ်ဖျတ်ပြီးတော့ ကန့်ကွက်တဲ့အတိုင်း လက်ခံပြီးတော့ တရားမဲ့ပြုကျင့်တာ မှန်ကန်တယ်ဆိုပြီးတော့ ပြည်သူ့လွှတ်တော်နေရာမှာ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော်နေရာမှာ ဦးအောင်မျိုးဦး တို့ကို အနိုင်ပေးလိုက်တယ်ပေါ့နော်"
ရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကိုကိုနိုင်နဲ့ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂)က ကိုယ်စားလှယ်လောင်း ဦးကျော်မြင့် တို့ဟာ ဘုန်းကြီးကျောင်း နဲ့ ဓမ္မာရုံတွေမှာ မဲဆွယ်စည်းရုံးပွဲတွေကျင်းပခဲ့ပြီး လူမျိုးရေး၊ ဘာသာရေးနဲ့ဆိုင်တဲ့ ဟောပြောမှုတွေ လုပ်ဆောင်ခဲ့ တယ်လို့ NLD ပါတီက ကိုယ်စားလှယ်တွေက တိုင်တန်းခဲ့တာဖြစ်ပါတယ်။
အဲဒီတိုင်တန်းမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၁ လကြာ စစ်ဆေးပြီးနောက် အခုလိုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခံရတဲ့ ဦးကိုကိုနိုင်ဟာ သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံး သပ်ရေး ကော်မရှင်မှာ ဒုတိယဥက္ကဌတာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခံရတဲ့ ဦးကျော်မြင့်ကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က မန္တလေးတိုင်းလျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။