ရမည်းသင်း မြန်မာ့ရှေ့ဆောင်ဘဏ် ဓါးပြတိုက်ခံရ
မန္တလေးတိုင်း ရမည်းသင်းမြို့ပေါ်က မြန်မာ့ရှေ့ဆောင်ဘဏ်ကို ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့လယ် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ အမည်မသိ သေနတ်သမား နှစ်ဦးက ဓါးပြတိုက်သွားတာကြောင့် ငွေ ကျပ်သိန်း ၁၂၀၀ ဝန်းကျင်ပါသွားတယ်လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ ရှိခဲ့တဲ့ ဘဏ်ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
အသက် ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ အမျိုးသားနှစ်ဦးဟာ ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာပြီး ဘဏ်လုံခြုံရေး ဝန်ထမ်းတွေကို သေနတ်ထောက်ကာ ပိုက်ဆံတွေကို ယူသွားတာဖြစ်တယ်လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။
သေနတ်သမားတွေပြန်သွားပြီး သိပ်မကြာခင် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘဏ်ကိုရောက်လာပေမယ့် လက်ရှိအချိန်အထိတော့ သေနတ်သမားတွေကို ဖမ်းဆီးရမိတာ မရှိဘူးလို့ ဆိုပါတယ်။
သေနတ်သမားတွေဟာ ဘဏ်ကိုအနုကြမ်းစီးပြီး ရမည်းသင်းမြို့ကနေ မြောက်ဘက်ကို ဦးတည်ပြီး မောင်းနှင် သွားတာကြောင့် စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အခုလက်ရှိမှာ ရမည်းသင်းမြို့ရဲ့ အဝင်အထွက် လမ်းဆုံတွေမှာ ပိုက်စိပ်တိုက် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။