အကြမ်းဖက်မှုကိစ္စ မြန်မာအစိုးရ စုံစမ်းလိုတဲ့ဆန္ဒမရှိကြောင်း ယန်ဟီးလီပြော


2018.10.09
yanghee-lee2-622.jpg ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီ။
Photo: RFA

မြန်မာအစိုးရဟာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနိုင်စွမ်း မရှိသလို၊  စုံစမ်းစစ်ဆေးဖို့ဆန္ဒလည်း မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။

သြဂုတ်လ ၂ဝ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ထည့်သွင်းထားတဲ့ ကိစ္စကို အခုနောက်တကြိမ် တိုက်တွန်း ပြောဆိုလိုက်တာပါ။

ရိုဟင်ဂျာ မွတ်စလင်တွေကို အကြမ်းဖက်ဖြိုခွဲ မောင်းထုတ်ခဲ့တဲ့အတွက်ဆိုပြီး မြန်မာထိပ်ပိုင်း စစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေး တရားစွဲဆိုဖို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က တောင်းဆိုထားတာပါ။

မြန်မာအစိုးရကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပြီး UN အချက်အလက် ရှာဖွေရေးအဖွဲ့ဟာ ဘက်လိုက်တဲ့အဖွဲ့အဖြစ် တုံ့ပြန်ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကော်မတီတစ်ခု ထူထောင်ပြီး ကနဦးလုပ်ငန်းတွေ စတင်နေပြီလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီကတော့… မြန်မာအစိုးရဟာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှု အနည်းအကျဉ်းသာ လုပ်နိုင်တာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒါကြောင့် ဒီကိစ္စကို နိုင်ငံတကာက အရေးယူ ကိုင်တွယ်ရမှာဖြစ်ပြီး တရားမျှတမှုအတွက် ဆောင်ရွက်ရာမှာ နှောင့်နှေးတာနဲ့အမျှ ချိုးဖောက်မှုတွေ ပိုများလာမှာ ဖြစ်တဲ့အကြောင်း၊ ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို အမြန်ဆုံး လွှဲပြောင်းပေးသင့်ကြောင်းလည်း မစ္စယန်ဟီးလီက ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ အိန္ဒိယအစိုးရ တောင်းဆိုထားပေမဲ့ ဘာအကြောင်းပြန်ချက်မှ မရခဲ့ဘူးလို့လည်း မစ္စယန်ဟီးလီက ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။