ရိုဟင်ဂျာဒုက္ခသည် ပြန်ပို့ရေးအစီအစဉ် စောလွန်းတယ်လို့ မစ္စယန်ဟီးလီ ပြော
2018.11.07
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ရေးအစီအစဉ်ဟာ စောလွန်းတဲ့အတွက် ဆိုင်းငံ့ထားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒုက္ခသည်တွေအတွက် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသေးတဲ့အတွက် ပြန်ပို့ချိန် မတန်သေးဘူးလို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကော့ဆက်ဘဇားမှာရှိတဲ့ ဒုက္ခသည်တွေအနေနဲ့ ပြန်ပို့မယ့်စာရင်းထဲ မှာ သူတို့ရဲ့နာမည်တွေ ပါဝင်နေတဲ့အတွက် အထူးစိုးရိမ်ကြောက်ရွံ့နေကြကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေ သူတို့ရဲ့မူလနေရာကို လုံလုံခြုံခြုံနဲ့ ဘေးအန္တရာယ် မစိုးရိမ်ရဘဲ ပြန်လာနိုင်အောင် ဆောင်ရွက်ထားတဲ့ အထောက်အထားမတွေ့ရှိရသေးကြောင်းလည်း ဖော်ပြထားပါတယ်။