Yangon Airway လေကြောင်းလိုင်းကို ပိုင်ရှင်ဟောင်း ပြန်လည်ပြေးဆွဲမည်
2011.08.07
လက်ရှိ ဟောင်ကောင်မှာ နေထိုင်နေတဲ့ အသက် ၄ဝ ကျော်အရွယ် ဦးအိုက်ဟော့ဟာ ဝ,ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းရဲ့ သားမက်ဖြစ်ပြီး UWSA ရဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်း အချိတ်အဆက်တွေအတွက် အဓိကနေရာက ပါဝင် ဆောင်ရွက်ပေးနေသူဖြစ်တယ်လို့ သိရပါတယ်။
Yangon Airway လေကြောင်းလိုင်းဟာ ၁၉၉၆ ခုနှစ် အောက်တိုဘာလက ပြည်တွင်းလေကြောင်းလိုင်း အဖြစ် စတင်ပျံသန်း ပြေးဆွဲခဲ့ပါတယ်။ UWSA ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ နောက်ပိုင်း ၂ဝ၁ဝ ဒီဇင်ဘာလအတွင်းမှာ ရပ်ဆိုင်းခံခဲ့ရပါတယ်။
လေကြောင်းညွှန်ကြားမှု ဦးစီးဌာနရဲ့ လေယာဉ်ပျံသန်းခွင့် အသိအမှတ်ပြုလက်မှတ် မရှိတဲ့အတွက် ပြေးဆွဲခွင့် ရပ်ဆိုင်းခဲ့တာလို့ ဆိုပါတယ်။
Yangon Airway လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲဖို့အတွက် လေယာဉ်မယ်တွေ အမြန် အလိုရှိကြောင်း၊ ဩဂုတ် ၂၄ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားကြဖို့လည်း လေကြောင်းလိုင်းက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ အခုနှစ် ပွင့်လင်းရာသီ အောက်တိုဘာလမှာ ပြန်လည် ပြေးဆွဲလိမ့်မယ်လို့ လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ခန့်မှန်းနေကြပါတယ်။