ရန်ကုန်မှာ ယာဉ်စီးခ ကျပ်တစ်ရာကနေ ကျပ်လေးရာအထိ တိုးမြှင့်ဖို့ စီစဉ်
2015.09.02

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်စီးခတွေကို အနည်းဆုံး ငွေကျပ် တစ်ရာကနေ လေးရာ အထိ ပြောင်းလဲကောက်ခံဖို့အတွက် မ.ထ.သ (ဗဟို) က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ သိရပါတယ်။
ခရီးတစ်မိုင်ကို ၂ဝ ကျပ်နှုန်းနဲ့ ကောက်ဖို့ စီစဉ်ထားတယ်လို့ မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောပါတယ်။
“ကျနော်တို့က ခရီးမိုင်တစ်မိုင်ကို ၂၀ ကျပ်နှုန်း ကောက်ခံဖို့လျာထားပါတယ်၊ ပထမဦးဆုံးစီးနင်းတဲ့ပုဂ္ဂိုလ်ဟာ ၅ မိုင် စီးနင်းတယ်လို့ ယူဆပြီး ၁ဝဝ ကျပ်ကို ကောက်ခံပါတယ်၊ ၅ မိုင်ပြောင်းလဲတိုင်း ၁ဝဝ ကျပ် ပြောင်း လဲကောက်ခံပါတယ်၊ ဒါပေမဲ့ ဝေးတဲ့ခရီးစဉ်တွေဟာ စိတ်ပူစရာရှိတယ်၊ ဘယ်သယ်ယူပို့ဆောင်ရေးမှာ ပဲဖြစ်ဖြစ် တဆက်တည်းစီးရင် လျော့ပြီးတော့ကောက်ခံရမယ့်ထုံးစံရှိတယ်၊ ကျနော်တို့ကလည်း အဲ့လိုလျော့ကောက်ခံမှာဖြစ်တယ်၊ ဥပမာ တိုက်ကြီး ၄၈ မိုင်ရှိတယ်၊ ၂ဝ နဲ့တွက်ရင် ၉၆ဝ ကျတယ်၊ ဒါပေမဲ့ ကျနော်တို့ ၈ဝဝ ပဲကောက်ခံပါတယ်၊ ပြန်ပြီးတွက်ကြည့်လိုက်မယ်ဆိုရင် စီးနင်းသူအတွက်က ၁၇ ကျလောက်ပဲကျပါတယ်၊ ဒီစနစ်နဲ့ ကျနော်တို့သွားပါမယ်”
လက်ရှိဘတ်စ်ကားလိုင်းတွေက ကောက်ခံနေတဲ့နှုန်းထားတွေဟာ ကျပ် ၅၀ ကနေ အများဆုံး ၃၀၀ ကျပ်အထိ ရှိပါတယ်။
ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်ဖြစ်တဲ့ ၃၃ မြို့နယ်မှာ သွားလာသူတွေဟာ ယာဉ်စီးခ အများဆုံး ကျပ် ၄၀၀ သာပေးရမှာဖြစ်ပြီး စည်ပင်နယ်နိမိတ်ကျော်တဲ့ ဥက္ကံ၊ တိုက်ကြီး၊ လှည်းကူး၊ ခရမ်း၊ သုံးခွမြို့နယ်တွေကို သွားလာမယ့် ခရီးသည်တွေအတွက်က ကျပ် ၇၀၀ ကနေ ၁၀၀၀ နီးပါးအထိ ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရချိန်မှာ နှုန်းထားအသစ်နဲ့ စတင်ကောက်ခံသွားမယ်လို့ သိရပါတယ်။
မ.ထ.သ(ဗဟို) ဒုတိယဥက္ကဌ ဦးလှအောင်ကို RFA သတင်းထောက် ကိုဘုန်းမြတ် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။