ရန်ကုန်မြို့သစ် စီမံကိန်း ရပ်ဆိုင်း
2014.09.26

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်မြို့တော် ဝန် ဦးလှမြင့်က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးဖို့ ပြင် ဆင်ထားပေမဲ့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က စီမံကိန်းကို ထပ်မံလေ့လာဖို့လိုအပ်တဲ့အတွက် ရပ်ဆိုင်းလိုက်ကြောင်း ပြောခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က ပြောပါတယ်။
"လွှတ်တော်နောက်ဆုံးနေ့မှာ အမှန်ကတော့ လွှတ်တော်ကိုယ်စားလှယ် ၁၂ ယောက်က မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့အတွက်ကို ကြိုတင်ပြီးတော့ စာရင်းပေးပြီးသားလေ၊ ဘာတွေဆွေးနွေးမယ် ဆိုတာရယ်၊ ဆွေးနွေးမယ့် အတောအတွင်းမှာ ဘာမေးခွန်းတွေ ထုတ်မလဲဆိုတာရယ်ကို လွှတ်တော်ရုံး ကို ပေးထားတယ်၊ စီမံကိန်းနဲ့ပတ်သက်ပြီး ထပ်မံစဉ်းစားစရာတွေ ရှိလာပါတယ်ဆိုပြီးတော့ မြို့သစ်စီမံကိန်း အဆိုကို ဒီနေ့မှာ မြို့တော်ဝန်ကြီးက ပြန်ရုပ်သိမ်းသွားတယ်၊ အချိန်ကာလကန့်သတ်ချက်မရှိ ရွေ့တာလည်းဖြစ် နိုင်သလို ပြည်ထောင်စုလွှတ်တော်ပြီးတဲ့အထိ စောင့်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်"
ဒီလ ၂၂ ရက်နေ့ကကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးမှာ ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်ထည်ဖော်ဖို့ သင့်၊ မသင့်နဲ့ အဲ့ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ ထပ်မံရွေးချယ်ဖို့ သင့်၊ မသင့်ကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေက မြေဧက သုံးသောင်းကျော် မှာ အကောင်ထည်ဖော်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြီးခဲ့တဲ့သြဂုတ်လက ကျင်းပခဲ့တဲ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးမှာ တင်ပြခဲ့ပြီး မြို့သစ်စေတနာ အများပိုင်ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေး ထားကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မှာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ထောက်ပြ တာတွေရှိခဲ့ပြီး စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း မြို့တော်ဝန်ရဲ့ တင်ပြချက်ကို လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။